DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်တပ်သတ်ထားသည့် ရွာသား ၂ ဦးအလောင်းတွေ့၊ စစ်တပ်မီးရှို့သဖြင့် ပြည်သူ ၃၀,၀၀၀ ခန့် စစ်ရှောင်နေရ
DVB
·
April 5, 2023
ကန့်ဘလူတွင် စစ်တပ်သတ်ထားသည့် ရွာသား ၂ ဦးအလောင်းတွေ့၊ စစ်တပ်မီးရှို့သဖြင့် ပြည်သူ ၃၀,၀၀၀ ခန့် စစ်ရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်က ဧပြီ ၃ ရက်က ဝင်ရောက်ပြီး ရွာသားတွေကို သတ်ဖြတ်ခဲ့တာကြောင့် ဧပြီ ၅ ရက်နေ့မှာ ထပ်မံသေဆုံးနေတဲ့အလောင်း တွေ့ရှိတယ်လို့ ကန့်ဘလူမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က အင်းလယ်ကြီးရွာကို ဝင်ရောက်ပြီး ဒီနေ့တွေ့ရှိတဲ့ အလောင်းအပြင် အရင် ဧပြီ ၄ ရက်ကလည်း တလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ရှိသူတဦးက “စစ်ကောင်စီက ဧပြီ ၃ ရက်နေ့ ညနေ ၄ နာရီလောက်က ရွာထဲကို လက်နက်တွေနဲ့ ပစ်ဝင်လာတယ်။ သူတို့မလာခင်ကတည်းက ရွာသားတွေက ရှောင်နေကြတယ်။ အခုအသတ်ခံရတဲ့သူတွေက စိတ်ဝေဒနာသည် အသက် ၃၅ နှစ်အရွယ် တဦးရယ်၊ နောက်တယောက်က အသက် ၆၅ ကျော် အရွယ်တဦး၊ စုစုပေါင်း ၂ ဦး အသတ်ခံရတာဗျ။ အသက် ၃၅ နှစ်အရွယ် အလောင်းကတော့ မွေးရာပါ စိတ်မမှန်တဲ့ ကိုဝလီပါ။ သူ့ရဲ့အလောင်းကိုတော့ ဧပြီ ၄ ရက်နေ့က တွေ့ရတယ်။ အခု အသက် ၆၅ ကျော် ဦးဌေးမောင် အလောင်းကတော့ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ဒီမနက် သူ့အိမ်ပေါ်မှာတွေ့တယ်။ သူတို့က စစ်ကောင်စီလာတာကို ညက ထွက်မပြေးဘဲ ရွာထဲမှာနေခဲ့လို့ အခုလို အသတ်ခံလိုက်ရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အင်းလယ်ကြီးရွာ ဒေသခံရွာသားနှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တဲ့အပြင် ရွာကိုပါ မီးရှို့တာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ အင်းလယ်ကြီးရွာဟာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး အခု မီးရှို့ခဲ့လို့ အိမ်ခြေ ၂၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေက ပြည်သူ ၃၀,၀၀၀ လောက် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာလုံလောက်မှု နည်းပါးနေတယ်လို့ ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်း စစ်ရှောင်ပြည်သူတွေ များပြားလာပြီး စစ်ရှောင်တွေအတွက် နေစရာစခန်း မရှိတာကြောင့် တောတောင်ထဲမှာ ရှောင်ပုန်းနေရတယ်လို့လည်း သိရပါတယ်။

“လက်နက်မရှိတဲ့ ပြည်သူ‌ရယ်လို့ သူတို့က မငဲ့ညှာပါဘူး။ တွေ့သမျှလူ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် မီးရှို့သတ်တာတွေ လုပ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးထက် အသက်ဘေးလွတ်ဖို့ ဦးစားပေးနေရတယ်” လို့ ကျွန်းလှမြို့ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေ ပိုများလာတာကြောင့် စားနပ်ရိက္ခာ မလောက်ငမှုတွေလည်းရှိပြီး နောက်တခေါက် စစ်ကြောင်းထပ်ထိုးမှာကို ပိုစိုးရိမ်နေကြရတယ်လို့လည်း သိရပါတယ်။

“တောထဲတွေမှာပဲ ဖြစ်သလို နေထိုင်စားသောက်ကြရတယ်။ အနီးအနားက ရွာတွေက ကူညီပေးပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ အရမ်းများတယ်။ တချို့ဆို ဘာမှမပါဘဲ ပြေးလာရတာတွေရှိတယ်” လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013