DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၁၂ ဦးထိ မြင့်တက်
DVB
·
April 5, 2023
စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၁၂ ဦးထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၂၁၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၂၂၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၃၅၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၅၂၀ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာက ကိုအေးမင်းထွန်းကို အင်းတော်မြို့ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊  ၅၂(က) တို့နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုအေးမင်းထွန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရပြီး အင်းတော်မြို့နယ်၊ နားရခေါင်ကျေးရွာမှာ ပြီးခဲ့တဲ့ မတ် ၅ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အင်အား ၈၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က ကံကုန်းကျေးရွာသား ၂ ယောက်ဖြစ်တဲ့ ကိုတိုးကြီးကို ပစ်သတ်ခဲ့ပြီး ဦးနိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက် ဧပြီ ၃ ရက်မှာတော့ ကံကုန်းကျေးရွာနဲ့ ၁ မိုင်ခွဲလောက်အကွာက လယ်ကွင်းထဲမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးနိုင်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013