DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ တိုက်ပွဲများထပ်ဖြစ်ပြီး ဝေါလေဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပြန်ပိတ်
DVB
·
April 5, 2023
ကရင်ပြည်နယ်၌ တိုက်ပွဲများထပ်ဖြစ်ပြီး ဝေါလေဗျူဟာကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပြန်ပိတ်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ တိုက်ပွဲတွေထပ်မံ ဖြစ်ပွားနေတဲ့အတွက် သင်္ဃန်းညီနောင်မြို့သစ် ၆ လမ်းထိပ်ကနေ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ပိတ်ထားလိုက်တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။ 

ဧပြီလ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက် မြဝတီမြို့အနီး ဒေါနတောင်ကြားနဲ့ သင်္ဃန်းညီနောင်မြို့သစ်ထိပ်နားမှာ စစ်ကောင်စီတပ်တွေနဲ့  ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ 

ကုန်ကားမောင်းသူ မြဝတီမြို့ခံတစ်ဦးက “မနေ့က နေ့လယ်လောက်ကစဖြစ်တာထင်တယ်။ သေနတ်သံတွေက ညအထိမစဲဘူး၊ လမ်းပိတ်တာကတော့ ဘယ်အဖွဲ့ကပိတ်လိုက်တယ်ရယ် မဟုတ်ဘူး။ အသုံးမပြုဖို့အတွက် ပြောတာ၊ ညီနောင်က ကျနော့်ညီတွေလည်း စစ်ရှောင်နေရပြီ ကျနော်တို့လည်း အလုပ်အကိုင်ပျက်တယ်ဗျာ။ အခုက ထို့ကော်ကိုးတောလမ်းကလည်း မသွားရဲဘူး။ မရှိလို့သာ လုပ်စားနေရတာ ရင်တထိတ်ထိတ်ပဲ”လို့  ပြောပါတယ်။

သင်္ဃန်းညီနောင်မြို့က ချစ်ကြည်ရေးဆီဆိုင်နားမှာ မနေ့က ကုန်ကားတွေ ပစ်ခတ်ခံထားရပြီး လက်နက်ငယ် လက်နက်ကြီးပစ်သံတွေကို ထိုင်းနယ်စပ် မဲဆောက်မြို့ကတောင် ကြားနေရတယ်လို့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၁ နားမှာ နေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

မတ်လ ၂၅ ရက်ကစတင်ပြီး  မြဝတီမြို့ကုန်သွယ်ရေးဇုန်၊ မဲကနယ်ရွာတွေဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ၃ ရက်ကလည်း မြဝတီကို ပြန်လာတဲ့ စစ်ကောင်စီ အင်အား ၄၀ လောက်ပါတဲ့ စစ်ကားကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ကုန်ကားတွေရော ခရီးသည်တင်ကားတွေပါ ပိတ်မိနေပြီး မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားရဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဒေသအာဏာပိုင်တွေက လုံခြုံရေးအင်အားတိုးမြှင့်ချထားပါတယ်။

ဧပြီ ၃ ရက် ညပိုင်းကလည်း မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းကို    ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO တပ်ရင်း (၈) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ (၁၂၂ မမ) ဟောင်ဝစ်ဇာမြောက်နဲ့ ရိက္ခာဂိုဒေါင်ရုံ ထိခိုက်မီးလောင် ပျက်စီးခဲ့တယ်လို့   Federal Wings ကထုတ်ပြန်ပါတယ်။

ဝေါလေဗျူဟာကုန်းမှာ စစ်ကောင်စီ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် (၂) နည်းဗျူဟာ တပ်ဖွဲ့ဝင်တွေ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ပစ်ခတ်လေ့ရှိတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013