Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ စစ်ကြောင်းထိုးလာသဖြင့် ထီးချိုင့်နှင့် ဗန်းမောက် ပြည်သူ ၇၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
April 5, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကြီးကွေ့နဲ့ မိုးကောင်းကင် ဆီဆိုင်ကြားအနီးမှာ ဧပြီ ၄ ရက်နေ့ မနက် ၉ နာရီကျော်က စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ရွှေဘို မြို့နယ်ပြည်သူကာကွယ်ရေးတပ်ခေါင်းဆောင် ကိုရဲခေါင်က “တိုက်ပွဲဖြစ်တာက ဟုတ်တယ်ဗျ။ ယင်းတောရွာမှာ ညအိပ်ခဲ့ပြီး ဒီနေ့မနက် ရွှေဘိုမြို့ဘက် တက်သွားတဲ့ကောင်တွေကို မိုင်းဆွဲခဲ့တယ်။ မိုင်းက ပဒေသာမိုင်း ၇ လုံးနဲ့ ၂ နေရာကနေ စောင့်ပြီး တိုက်ခိုက်ခဲ့တာဗျ။ (-) တွေ အတုံးအရုံး လဲကျတာတွေ မြင်လိုက်ရတယ်။ သေတာက ၅ ကောင်လောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ ဒီကောင်တွေ  ဒဏ်ရာရတာရော ၊ သေတဲ့ကောင်တွေရော ရွှေဘိုမြို့ဆီ သယ်သွားကြတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ စစ်အင်အား ၈၀ ကျော်ပါဝင်ပြီး အဲဒီစစ်ကြောင်းကို ရွှေဘိုမြို့ကနေ စစ်ကူစစ်ကြောင်းထွက်လာပြီး ဇီးတောရွာနဲ့ တဂဏန်းရွာအထိ လာကြိုသွားတယ်လို့လည်း ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ဆိုပါတယ်။

အခုစစ်ကြောင်းကို ရွှေဘိုခရိုင် တပ်ရင်း ၂၃ တပ်ခွဲ ၁ Naungyoe Army၊ နဂါးမင်းပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာ ဖြစ်ပြီး ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တွေ အထိခိုက်မရှိခဲ့ဘူးလို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ နီးပါး နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်သာကျေးရွာနဲ့ စစ်တန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းခွဲ ဝင်ရောက်စီနင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

“ပထမစစ်ကြောင်းက မတ် ၃၀ ရက်က ဝင်စီးတယ်။ နောက် စစ်ကြောင်းက ဧပြီ ၂ ရက်နေ့မှာ ဝင်စီးတယ်။ စစ်ကြောင်း နှစ်ခုပေါင်း အင်အား ၁၅၀ လောက်ရှိတယ်။ စစ်ကြောင်း နှစ်ခုစလုံး ရွာထဲ မဝင်ခင်ကတည်းက လက်နက်ကြီးတွေနဲ့ အရင်လှမ်းပစ်တယ်။ လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိတယ်ဆိုတော့ ရွာသူရွာသား ၅၀၀၀ နီးပါးလည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်။ စစ်တပ်က ပစ်လို့ ထိခိုက်သေဆုံးတာတွေရှိတော့ မနေရဲတော့ဘူး” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

မတ် ၃၀ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ညောင်ပင်သာကျေးရွာက မဇာခြည်ဝင်း လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ဧပြီ ၂ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကိုသန်းဖေလေး သေဆုံးခဲ့ပါတယ်။

ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဧပြီ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ညောင်ပင်သာကျေးရွာအနီးကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာလည်း စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းကို မတ် ၂၃ ရက်က စတင်ကာ စစ်ကောင်စီတပ်မ ၇၇ နဲ့ SNA ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့အတွက် ပြည်သူ ၂,၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြောင်လည်ကျေးရွာ ဒေသခံတဦးက “မတ်လ ၂၃ ရက်လောက်ကစပြီး စစ်တပ်နဲ့ SNA တပ်က စစ်ကြောင်းထိုးလာတယ်။ ၂၅ ရက်နေ့လောက်ကစပြီး PDF နဲ့ တိုက်ပွဲဖြစ်တာ အကြိမ်ပိုများလာတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အနီးနားက ရွာတွေက ပြည်သူ ၂,၀၀၀ ကျော်လောက်လည်း ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကြောင်လည်ကျေးရွာ၊ မံစီကြီးကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ မံလွန်ကျေးရွာ၊ နားပင်ကျေးရွာ၊ ကျောက်ဆည်ကျေးရွာ၊ လွင်ကြီးကျေးရွာ၊ ပင်ဟင်းခါးကျေးရွာနဲ့ အနီးနား ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ပြည်သူ ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က တိုက်ပွဲဖြစ်ပွားနေလို့ ဗန်းမောက်မြို့ကို ဆိုင်ကယ်မောင်းနှင်ပြီး စစ်ဘေးတိမ်းရှောင်တဲ့ ကြောင်လည်ကျေးရွာက အမျိုးသားတဦးဟာ ပင်ဟင်းခါးကျေးရွာ အနီးမှာ သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024