DVB Logo
Home
မြန်မာသတင်း
အာဆီယံ အထူးသံတမန် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေ
DVB
·
July 30, 2026
Photo: ASEAN 2026 PH
Photo: ASEAN 2026 PH
Donate to DVB

အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ထရီဆာ လာဇာရိုဟာ မြန်မာနိုင်ငံ ဆီ လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်တခု သွားရောက်ဖို့ ရှိနေတဲ့အကြောင်း Bangkok Post သတင်းမှာ ဇူလိုင် ၃၀ ရက်က ဖော်ပြပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေနဲ့ အရှေ့တောင်အာရှတွင်း သတင်းထောက်တွေ တွေ့ဆုံခဲ့ကြတဲ့ ဒေသတွင်းအဖွဲ့အစည်းရဲ့ အဓိက နှစ်စဉ် သတင်းမီဒီယာ အစီအစဉ်ဖြစ်တဲ့ ၁၀ ကြိမ်မြောက် အာဆီယံ မီဒီယာ ဖိုရမ်မှာ သူက အတည်ပြုပြောကြားခဲ့တာပါ။

လာဇာရိုက အခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုဟာ မကြာသေးမီ နှစ်တွေအတွင်း အကျိုးဆက် အကြီးမားဆုံး တာဝန်ယူမှုတွေထဲက တခု ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မှာ ပြုလုပ်ခဲ့ပြီး သူ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ကြား အလွတ်သဘော တွေ့ဆုံပွဲကို ရည်ညွှန်းပြောဆိုရင်း သူ့ရဲ့ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်ကို အခုနှစ်ထဲ စတုတ္ထသုံးလပတ်မှာ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ လာဇာရိုက ပြောပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားသလဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ အသေးစိတ် အချက်အလက်တွေကို ရန်ကုန်ရှိ ဖိလစ်ပိုင်သံရုံးနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီခရီးစဉ်ရဲ့ အဓိကအာရုံစိုက်မှုဟာ မြန်မာပြည်သူတွေဆီ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေ ပေးအပ်နိုင်ရေး ဖြစ်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောပါတယ်။

"ကျမတို့ဟာ အကူအညီပေးဖို့ ဦးစားပေး ဧရိယာတွေကို ဖော်ထုတ်နေတဲ့ လုပ်ငန်းစဉ်မှာ ရှိနေပြီး ဩဂုတ်လအရောက်မှာ ကူညီပေးရမဲ့ သီးသန့်ဧရိယာတွေကို သတ်မှတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်၊ ရန်ကုန်မှာရှိတဲ့ ကျမတို့သံရုံးက ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ကိုင်ပေးနေပြီး ခရီးစဉ်ကိုတော့ စတုတ္ထသုံးလပတ်မှာ သွားဖို့ စီစဉ်ထားပါတယ်။" 

အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂုဏ်ပုဒ်နဲ့အညီ သူ့အနေနဲ့ သတိထားဆောင်ရွက်ဖို့ လိုအပ်ပြီး တောင်းဆိုမှုတွေ ပြုလုပ်တာကို ရှောင်ကြဉ်ရမယ်လို့ ပြောပါ တယ်။

ဒါပေမဲ့ ဖမ်ဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိရင် အာဆီယံအတွက် ထူးခြားအရေးပါလိမ့်မယ်လို့ သူက ထည့်သွင်းပြောသွားပါတယ်။

"ဒါဟာ အာဆီယံအတွက် အရမ်း ကောင်းမွန်ပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူနဲ့ တွေ့ဆုံရတာဟာ ကျမတို့ကို ကမ္ဘာ့မြေပုံပေါ် ပြန်ရောက်စေမှာ ဖြစ်လို့ပါ"လို့ လာဇာရိုက ပြောပါတယ်။

Source: Bangkok Post   

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013