DVB Logo
Home
မြန်မာသတင်း
DJ Violet ကို စစ်ကောင်စီတပ်က မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီး
DVB
·
April 4, 2023
DJ Violet ကို စစ်ကောင်စီတပ်က မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီး
Donate to DVB

မြန်မာနိုင်ငံရဲ့ ကလပ်ဖျော်ဖြေရေးလောကမှာ လူငယ်တွေကြား နာမည်ကြီး ရေပန်းစားနေတဲ့ DJ Violet ကို မြစ်ကြီးနားလေဆိပ်မှာ ဧပြီ ၃ ရက် ညနေ ၆ နာရီလောက်က မန္တလေးလေဆိပ်ကိုသွားဖို့ စောင့်ဆိုင်းနေစဥ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

DJ Violet (ခေါ်) မထွေးမွန်ဟာ မြစ်ကြီးနားမြို့က 831 club မှာ ဧပြီ ၁ ရက်ကနေ ၂ ရက်နေ့အထိ ဖျော်ဖြေတီးခတ်ဖို့ မတ်လ ၃၁ ရက်က ရောက်ရှိခဲ့တာဖြစ်ပြီး ဖျော်ဖြေပွဲပြီး အပြန်မှာ အခုလို မြစ်ကြီးနားလေဆိပ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

လတ်တလောမှာ သူ ဖမ်းဆီးခံထားရတဲ့ သတင်းကြောင့် မိသားစုဘက်က စိုးရိမ်နေတယ်လို့ သူနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အစက ဖမ်းခံရတယ်လို့ မထင်ဘူး။ ကလပ်မှာလာတီးတယ်၊ ပြီးတော့ပြန်တယ်၊ ဒါပဲ၊ ဘာမှမလုပ်ထားဘူးလေ။ ဒါပေမဲ့ အခုထိ ပြန်မလွှတ်ပေးသေးဘူး။ လိုင်းပေါ်မှာလည်း တွေ့တယ်။ စာပို့ရင် ဝင်မကြည့်ဘူး။ အခု သူ့မိသားစုက တော်တော်စိုးရိမ်နေပြီ။”

မတ်လ ပထမအပတ်မှာ ဝန်ခံကတိထိုးထားတဲ့ ရာဇသတ်ကြီး  ၅၀၅ ပုဒ်မပါအမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကျန်ရှိနေတဲ့အတွက် ကြည့်မြင်တိုင်ရဲစခန်းက ချိတ်ဆက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်တွေမှာတော့ DJ Violet ဟာ မနှစ်က ကျောင်းသင်္ကြန်တခုမှာ DJ လာတီးပေးဖို့ကို ငြင်းပယ်ခဲ့တာကြောင့်အပြင် မူးယစ်ဆေးဝါး အသုံးပြုမှုကြောင့် ဖမ်းဆီးခံရတယ်လို့ လှုံ့ဆော်ရေးသားထားကြပါတယ်။

DJ Violet ဟာ အာဏာသိမ်းကာလအစောပိုင်း ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တာ၊ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေတာတွေ ပြုလုပ်ခဲ့တဲ့အတွက် အကြမ်းဖက်လှုံ့ဆော်မှုနဲ့ အရေးယူရမယ်လို့ စစ်ကောင်စီ လော်ဘီတွေက ဝါဒဖြန့် ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013