DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် MOU အလုပ်သမား ၁,၀၀၀ ကျော်အတွက် အလုပ်သမားအရေး ဆောင်ရွက်သူများ ကူညီပေးနေ
DVB
·
April 4, 2023
ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် MOU အလုပ်သမား ၁,၀၀၀ ကျော်အတွက် အလုပ်သမားအရေး ဆောင်ရွက်သူများ ကူညီပေးနေ
Donate to DVB

ထိုင်းနိုင်ငံ၊ မဟာချိုင်နယ်မြေထဲက စက်ရုံတရုံမှာ မြန်မာ MOU အလုပ်သမား ၁,၀၆၀ ကျော်ကို အလုပ်မပေးနိုင်တော့တာကြောင့် မတ်လ ၃၀ ရက်က အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ အလုပ်သမားတွေအတွက် အလုပ်နေရာအသစ် အမြန်ဆုံး ပြန်လည်ရရှိဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ ထိုင်းနဲ့ မြန်မာအလုပ်သမားအရေး အဖွဲ့တွေက ကူညီပေးနေတယ်လို့ သိရပါတယ်။

LPN Foundation နဲ့အတူ Myanmar Humanitarian Action Center အဖွဲ့တို့ ပူးပေါင်းပြီး မြန်မာ MOU လုပ်သားတွေအတွက် နစ်နာကြေး၊ ခံစားခွင့်တွေ ရရှိဖို့ ထိုင်းဥပဒေအတိုင်း ဆောင်ရွက်နိုင်အောင် ကူညီပေးနေတယ်လို့ MHAC အဖွဲ့ စီမံအုပ်ချုပ်သူ ကိုရဲမင်းက ပြောပါတယ်။

“အဓိက သူတို့ဆုံးရှုံးသွားတဲ့ နစ်နာမှုတွေနဲ့ အလုပ်အမြန် ပြန်လည်ရရှိရေးကို ထိုင်းဘက်က အလုပ်သမားဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပါတယ်။ တခုခုတော့ ထူးခြားမှုဖြစ်မှာပါ။ အဲ့ထဲက အလုပ်သမား ၁၀၀ နီးပါးကတော့ အလုပ်ရပြီး ဖြစ်ပါတယ်။ သူတို့ကို ပို့ထားတဲ့ သက်ဆိုင်ရာ မူလ အေဂျင်စီတွေက အလုပ်သစ်တွေ ရှာပေးရမှာ ဖြစ်ပါတယ်။ လောလောဆယ် အဲ့အပိုင်းကို ဆက်သွားထားပါတယ်။ စက်ရုံတွေဘက်က အကြောင်းပြတာက နိုင်ငံတကာ စီးပွားရေး ကျဆင်းမှုတွေနဲ့အတူ သူတို့ အော်ဒါတွေမရှိလို့၊ စက်ရုံဘက်က အလုပ်သမားတွေကို ဆက်ပြီး ထိန်းမထားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေပေါ့။ အဓိကက စက်ရုံတွေမှာ အလုပ်သမားတွေကို ဆက်အလုပ်မပေးထားနိုင်ဘူးဆိုတဲ့ အကြောင်းရင်းပေါ့” လို့ MHAC (Myanmar Humanitarian Action Center) အဖွဲ့ စီမံအုပ်ချုပ်သူ ကိုရဲမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ နခွန်းပထုံ၊ အုန်းနွဲ့ အုန်းယိုင်ဘက်မှာရှိတဲ့ ကျောက်သွေး စက်ရုံတရုံမှာ MOU အလုပ်သမား ၃၀၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ အဲဒီ အလုပ်သမား ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကမှ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူ MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ တရားဝင် လာရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး အလုပ်လုပ်သက်တမ်း ၇ လပဲရှိတဲ့ အချိန်မှာ အလုပ်အကိုင် နည်းပါးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ဖြုတ်ခံခဲ့ရတာပါ။

ထိုင်းမှာ မြန်မာလုပ်သားတွေ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ အလုပ်ဖြုတ်ခံရတာ၊ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက အခုလို မှတ်ချက်ပြုပါတယ်။

“ဒီပြဿနာတွေက လက်ရှိ မြန်မာပြည်နိုင်ငံရေးနဲ့ အများကြီးသက်ဆိုင်တယ်။ ထိုင်းနိုင်ငံက သူ့ရဲ့စီးပွားရေး ကျတဲ့အတွက်ကြောင့် စက်ရုံတွေ ပိတ်တာတွေ၊ လုပ်သားတွေ လျှော့တာတွေလည်း ရှိတယ်။ အဲ့တော့ ကျနော်တို့ မြန်မာပြည်မှာလည်း စစ်ကောင်စီက အာဏာသိမ်းထားတာဆိုတော့ တာဝန်ယူမှု တာဝန်ခံမှု ဘာမှရှိတာမဟုတ်ဘူး။ တချို့ အေဂျင်စီတွေကလည်း သေချာမကြည့်ဘူး။ လုပ်ငန်းလိုအပ်ချက် ရှိမရှိ သေချာမစစ်ဆေးဘဲနဲ့ သံရုံးဘက်က လူတွေကလည်း တာဝန်ယူမှု မရှိဘူး။ ကာကွယ်စောင့်ရှောက်မှု မရှိဘူး။ NUG ကိုလည်း ထိုင်းအစိုးရဘက်က တရားဝင် အသိအမှတ် မပြုသေးတဲ့အခါ ဖြေရှင်းနိုင်စွမ်းကလည်း အကန့်အသတ် ဖြစ်သေးတာပေါ့။ တကယ်တော့ ဒီဘက်မှာ ကျနော်တို့ဘက်က ဖြေရှင်းပေးနိုင်တဲ့ အနေအထား အများကြီးရှိတယ်။ ဒီလိုမျိုး နစ်နာမှုတွေ လျော့ပါးသွားအောင်” လို့ NUG အလုပ်သမား ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်နီက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးဘက်ကတော့ အခုလိုမျိုး စက်ရုံအလုပ်သမား ၁,၀၀၀ ကျော် အလုပ်ဖြုတ်ခံရတဲ့ ပြဿနာကို လာရောက် ပါဝင်ဖြေရှင်းပေးတာ မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

စက်ရုံမှာ အလုပ်သမား ၁,၀၀၀ ကျော် အလုပ်ဖြုတ်ခံရတာဟာ စက်ရုံဘက်က ကြိုတင်ပြောတာ မရှိဘဲ ထုတ်မယ့်ရက် ၃၀ ရက်ကမှ သိရတာကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ အေဂျင်စီဘက်က နောက်ထပ် အလုပ်သစ် ရှာပေးမယ့်အချိန်ကို စောင့်နေရတယ်လို့ ပြောပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမတဦးက “စက်ရုံက အလုပ်သမားတွေကို ထုတ်မယ်ဆိုတဲ့ အကြောင်းက ကြိုတင်ပြောတာမရှိဘူး။ ၃၀ ရက်နေ့ရောက်မှ စက်ရုံထဲက အလုပ်သမားတွေကို အပြင်ထွက် အပြင်ထွက်ဆိုပြီး ယူနီဖောင်းတွေကို အတင်းချွတ်ခိုင်းတယ်။ အပြင်ထွက်တဲ့အခါ စက်ရုံထဲက အလုပ်သမားတွေ အပြင်ကို ဘာလို့ ထွက်ခိုင်းတာလဲ မသိဘူးဆိုပြီး ထွက်ကြရော၊ အလုပ်ထုတ်တာဆိုပြီး သူတို့ ယူနီဖောင်းတွေ အတင်းချွတ်ပြီး လွှင့်ပစ်ခိုင်းတယ်။ ပြောမယ်ဆို သူတို့က အလုပ်သမားတွေကို ဆန္ဒပြတယ် ပြောတာပေါ့။ အလုပ်သမားတွေကတော့ ကိုယ်ဖြစ်ချင်တဲ့အရာကို တောင်းဆိုတာပေါ့။ အဲဒီအချိန်မှာ လူအုပ်ကြီးက အုတ်အုတ်သဲသဲနဲ့ အများကြီးပဲ။ အဲ့ညနေက လုံခြုံရေးတွေလည်း အများကြီးချထားတယ်။ သူတို့ စောင့်တဲ့အဖွဲ့တွေထဲမှာ လက်နက်တွေလည်း တွေ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ MOU အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတာ ၁,၅၀၀ ကျော်ရှိနေပြီး အလုပ်သမားတွေကို အလုပ်ပြန်ပေးမယ့်နေရာ အလုံအလောက် မရှိတာကြောင့် အလုပ်အသစ် ပြန်ရရှိအောင် အလုပ်သမားတွေကို တာဝန်ယူပေးခဲ့တဲ့ အေဂျင်စီက ပြန်ရှာပေးရမယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ MHAC အဖွဲ့က ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား အရေအတွက် ၅ သိန်းကျော်ရှိပြီး ၂၀၂၂ အတွင်း စစ်ကောင်စီလက်ထက်မှာ ထိုင်းဘက်ကို MOU စနစ်နဲ့ လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေ အနည်းဆုံး ၅ သောင်းအထက်မှာ ရှိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013