DVB Logo
Home
မြန်မာသတင်း
ရေစကြို၊ မိုးကုတ်နှင့် ပုလောမြို့နယ်တို့တွင် ရဲစခန်းများ တိုက်ခိုက်ခံရ
DVB
·
April 4, 2023
ရေစကြို၊ မိုးကုတ်နှင့် ပုလောမြို့နယ်တို့တွင်  ရဲစခန်းများ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို  ဧပြီ ၃ ရက် မနက်ပိုင်းက စီးနင်းတိုက်ခိုက်ခံရာမှာ စခန်းမှူးအပါအဝင် ၁၀ ယောက်သေဆုံးသွားတယ်လို့  မြိုင်ပကဖ အဖွဲ့က ပြောပါတယ်။ 

ဒါ့အပြင် စစ်ကူလာတဲ့စစ်ကြောင်းလည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက် ထပ်မံ သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ပေးခဲ့တယ်လို့ဆိုပါတယ်။

မအူရဲစခန်းကို မနေ့ မနက် ၆ နာရီလောက်မှာ စတင်ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြောက်ပိုင်းဇုန်ပကဖ တာဝန်ခံ ဗိုလ်Cross က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စခန်းမှူး အပါအဝင် ၁၀ ယောက် သေဆုံးတာကို ​မျက်မြင်တွေ့ရှိခဲ့ပြီး စခန်းကို ၄ ပုံ ၃ ပုံလောက် စီးနင်းသိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ ဒရုန်းဖမ်းတဲ့ Gun တလက်၊ G3 သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇီတောပျူစောထီးစခန်းဘက်ကနေ စစ်ကူလိုက်လာတဲ့ စစ်ကြောင်းကို မိုင်းပွိုင့် ၂၀ လောက်နဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဗိုလ်Cross က ပြောပါတယ်။

“ရေစကြိုဘက်ကနေ အင်အား ၁၀၀ ကျော်လောက်နဲ့ ပြေးပြီး တရစပ်ပစ်ခတ်လာတဲ့ စစ်ကြောင်းကိုတော့ ကျနော်တို့ဘက်က မတားလိုက်နိုင်ဘူးဗျ။ ရဲစခန်းပင်မဆောင်ကို သိမ်းဆည်းရရှိခါနီးအချိန် မနက် ၈ နာရီခွဲလောက်မှာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ဆုတ်တဲ့အချိန် ၈ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီဘက်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီးနဲ့ အချက်ပေါင်းများစွာ လေကြောင်းပစ်ကူ ပေးခဲ့ကြတယ်။”

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ ရေစကြိုမြို့နယ်ပကဖ၊ ဆားလင်းကြီး Special Task Force-SSTF နဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော် တ်ယောက် လက်ကို သေနတ်ကျည်ရှပ်ထိပြီး ဗိုလ်နဂါးအဖွဲ့ထဲက ရဲဘော် ၁ ယောက် လည်ပင်းကို ရှပ်မှန်ကာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း  ကျပ်ပြင်ရဲစခန်းကို ဧပြီ ၂ ရက် နေ့ခင်းပိုင်းမှာ PDF က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျပ်ပြင်ရပ်ကွက်ဒေသခံတဦးက “PDF တွေ ဝင်ပစ်သွားတာ၊ ထိခိုက်မှုတော့ မကြားရသေးဘူး။ ပစ်ကြတာ သေနတ်သံတွေတော့ ကြားတယ်။ ဘယ်သူမှ မသွားရဲကြဘူး။ ၁၀ မိနစ်လောက်ကြာတယ် ပစ်ကြတာ” လို့ ပြောပါတယ်။

ရဲစခန်းထဲကို လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၆ ဦး ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

တနင်္သာရီတိုင်း၊ ပုလောမြို့မှာတော့ ရဲစခန်းကို ပုလောဒေသကာကွယ်ရေးအဖွဲ့က ဧပြီ ၁ ရက် ညနေ ၅ နာရီက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ရာမှာ ပါဝင်တဲ့ ရဲဘော်တဦးက “ကျနော်တို့ PRDF က ပုလောမြို့ ရဲစခန်းကို မတ်လ ၂၉ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးချတာ မပေါက်ကွဲတာကြောင့် ဧပြီလ ၁ ရက်နေ့မှာ ထပ်ပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စခတွေဘက်က အထိအခိုက်ရှိပါတယ်” လို့ ပြောပါတယ်။

PRDF ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရဲစခန်းက ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။

“စကစဘက်က အထိနာတိုင်း ပြည်သူတွေကို ဖမ်းတာဆီးတာတွေ လုပ်တယ်။ အရှေ့တခေါက်တုန်းကလည်း သူတို့တိုက်ခိုက်ခံရလို့ ရပ်ကွက်မှာရှိတဲ့ လူငယ်တွေကို စစ်တပ်မှာဖမ်းချုပ်ပြီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်တယ်။ ပြန်လွတ်လာတဲ့သူတွေလည်း ရှိသလို ဖမ်းခံထိတဲ့သူတွေလည်း ရှိတော့ အတိအကျကိုတော့ ကျနော်တို့ မပြောတတ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း ပုလောဒေသကာကွယ်ရေးအဖွဲ့တွေက ပုလောမြို့ အမှတ် ၁ တံတားထိပ်နဲ့ ရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ ဗိုလ်အဆင့်ရှိတဲ့ အရာရှိတဦး ထိခိုက်ဒဏ်ရာရပြီး ဧပြီ ၁ ရက်နေ့မှာ သေဆုံးကာ ၂ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အရေအတွက်ကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013