
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မန္တလေး- ရန်ကုန်အမြန်လမ်းမ၊ မိုင်တိုင်အမှတ် ၁၉၄/၂ ဖာလုံရှိ တံတားမှာ မနေ့ညသန်းခေါင်းကျော် ဧပြီ ၄ ရက် မနက် ၀၀:၃၀ လောက်က ခရီးသည်တင် အမြန်ယာဉ်တစီး တံတားလက်ရန်းကို ဝင်တိုက်မိတာကြောင့် ယာဉ်ပေါ်ပါသူ ၁ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဝင်တိုက်မိတဲ့ ကားဟာ ရန်ကုန်- မုံရွာကို ပြေးဆွဲနေတဲ့ တက်နေဝန်း အောင်ကျော်မိုး express ဖြစ်ပြီး ဧပြီ ၃ ရက် ညနေ ၆ နာရီက ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကနေ ထွက်ခွာလာခဲ့တာပါ။
အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တဦးက "ယာဉ်မောင်းက အရှိန်လွန်ပြီးတော့ တံတားလက်ရန်းကို တိုက်တာပါ၊ စပယ်ယာတော့ သေသွားတယ်၊ အသက် ၃၇ နှစ်၊ ဒဏ်ရာရသွားတာက ၄၀ ကျော်ပတ်ဝန်းကျင်တွေပါပဲ၊ ဖြစ်တာက လယ်ဝေးအပိုင်ထဲမှာပါ၊ နေပြည်တော်ကုတင် ၁၀၀၀ ကို ပို့ထားပါတယ်"လို့ ပြောပါတယ်။
တံတားကို တိုက်မိတာကြောင့် ကားဘယ်ဘက်အရှေ့ခြမ်းနဲ့ ကားမှန်ကြေမွသွားပြီး အသက် ၃၇ နှစ်အရွယ် မြောက်ဥက္ကလာပမြို့နယ်နေသူ ယာဉ်နောက်လိုက် အမျိုးသားသေဆုံးခဲ့ပါတယ်။
ယာဉ်လိုင်းက တာဝန်ရှိသူတစ်ဦးက" ပုံမှန်တိုင်း ခရီးစဉ်ကို မောင်းလာတဲ့ အချိန်မှာပဲ ၊ အရှေ့ကနေ လူတစ်ယောက်က ဖြတ်ပြေးတယ်။ ရှောင်လိုက်တဲ့အချိန်မှာပဲ မတော်တဆမှု ဖြစ်သွားတာပေါ့၊ တံတားလက်ရန်းကို တိုက်မိတာပေါ့။ ဖြတ်ပြေးတာကို ရှောင်လိုက်တဲ့အတွက် ကားကတော့ ထိသွားတာပေါ့၊ စပယ်ယာတစ်ယောက်လည်း ဆုံးသွားတယ်" လို့ ပြောပါတယ်။
သေဆုံးသွားသူနဲ့ ဒဏ်ရာရရှိသူတွေကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံပို့ဆောင်ထားတယ်လို့ သိရပြီး နစ်နာ ထောက်ပံ့ကြေးကို ဘယ်လို ပေးမလဲဆိုတာတော့ ယာဉ်လိုင်းဘက်က ပြောကြားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မတ်လအတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းမမှာ ယာဉ်မတော်တဆမှု ၁၀ ကြိမ်ထပ်မနည်း ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။