Home
မြန်မာသတင်း
ဖယ်ခုံနှင့် မိုးဗြဲရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးပစ်ခတ်နေ၊ ဒေသခံများ တိမ်းရှောင်နေရ
DVB
·
April 3, 2023
339125437_980661649517648_6134165747602423935_n

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နဲ့ မိုးဗြဲမြို့အရှေ့ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတပ်ဖွဲ့တွေထံက သိရပါတယ်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အခြေစိုက် ခမရ ၄၄၂ တပ်ရင်းထဲကနေ ဧပြီ ၂ ရက် မနက် ၇ နာရီလောက်ကစပြီး ည ၁၀ နာရီလောက်အထိ မိုးဗြဲမြို့အရှေ့ဘက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်လို့ လက်နက်ကြီး ပေါက်ကွဲမှုတွေကြောင့် အသက် ၅၀ အရွယ် အမျိုးသားတဦး သေဆုံးပြီး လူငယ် ၁ ဦး၊ သက်ကြီးရွယ်အို ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်ရင်း ၃ ကလည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အခုလို အကြောင်းမဲ့ ပြည်သူတွေကို ပစ်မှတ်ထားနေတာနဲ့ ပတ်သက်ပြီး ကရင်နီပြည် ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ Nay Pyi Taw PDF တပ်ရင်း-၈၀၅ မှ ရဲဘော်တဦးက “စစ်ကောင်စီက အခုနောက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ စစ်ရှောင်ဒေသတွေ၊ ကျေးရွာတွေထဲကို လေယာဥ်တွေနဲ့ ပစ်ခတ်တာတွေ စိပ်လာတယ်။ ပြီးတော့ ဒီကောင်တွေ ဆေးတမျိုးမျိုးသုံးစွဲပြီး စစ်တိုက်နေတယ်လို့ ထင်တယ်။ သူတို့ရဲ့ လုပ်ပုံတွေက အသိဉာဏ်မဲ့ပြီး ဘာမှမသိတော့သလို လျှောက်လုပ်နေပုံတွေ အများကြီး တွေ့ရတယ်။ ကျနော်တို့ ပင်လောင်းမှာ ဒီကောင်တွေဆီကို ကျားထိုးတိုက်တုန်းက ပြန်မပစ်ဘဲ ကြောင်နေတယ်။ ပြီးမှ လက်နက်ကြီးတွေနဲ့ပစ်တာ။ နောက်ပြီး ဖယ်ခုံမြို့ထဲကို စစ်ကြောင်းထိုးတုန်းကလည်း စစ်ရှောင်နေရာတွေကိုဝင်ပြီး ကလေးငယ်တွေ၊ အမျိုးသမီးတွေကို ပစ်သတ်ထားတာတွေ တွေ့ရတယ်။ တော်တော်စိတ်ပျက်စရာကောင်းတဲ့တပ်ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီး အနည်းဆုံး အလုံး ၅၀ ခန့် ရွာတွေထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရွာသားတွေ ထိခိုက်ခဲ့တဲ့အပြင် ဘုရားကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး ကျေးရွာတွေထဲ တဖက်သတ် ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက် သွားလာနေထိုင်ဖို့ KNDF တပ်ရင်း-၃ က အသိပေး ထုတ်ပြန်ထားပါတယ်။

လတ်တလော ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင်တွေ အလွန်များပြားလာပြီး နေထိုင်စားသောက်ရေးအတွက် အကူအညီတွေ လိုအပ်နေကာ တချို့စစ်ရှောင်ဒေသတွေမှာ သောက်ရေခက်ခဲမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေပါ ဖြစ်ပွားနေပါတယ်။

Photo Crd - KNDF B03

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024