DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် စစ်တပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ချောင်းဦး၌ စစ်တပ်က အမျိုးသား ၂ ဦးကို ပစ်သတ်ပြီး ၁၅ ဦးကို ဖမ်းဆီး
DVB
·
April 3, 2023
မင်းကင်းတွင် စစ်တပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ချောင်းဦး၌ စစ်တပ်က အမျိုးသား ၂ ဦးကို ပစ်သတ်ပြီး ၁၅ ဦးကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ မအူရွာမှာ တပ်စွဲစခန်းချထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို ဧပြီ ၁ ရက်နဲ့ ၂ ရက်က နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ကလေးခရိုင် အမှတ် ၁၁ တပ်ရင်း မင်းကင်းက တာဝန်ရှိသူက ဆိုပါတယ်။

မအူရွာက ပျူစောထီးတွေ နေထိုင်တဲ့ရွာဖြစ်ပြီး မအူရွာအတွင်းက စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အခြေအနေက ခုထိ ရင်ဆိုင်ထားဆဲပါ။ ပြည်သူတွေ သွားလာတာကို သတိထားစေချင်ပါတယ်။ သူတို့က အထိနာရင် ချောဆွဲတာတွေ လုပ်တတ်တာမို့ပါ။ စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့ ယူဆရပါတယ်” လို့ အဆိုပါအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မအူရွာ စစ်ကောင်စီစခန်းကို ဧပြီ ၁ ရက် မနက် ၉ နာရီမှာ ၆၀ မမနဲ့ တချက်ပစ်ခတ်ခဲ့ပြီး နေ့လယ် ၁၁ နာရီမှာ ဒရုန်းနဲ့ အီနာဂါ လေးလုံးချ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ ၆၀ မမ ၃ ချက်၊ ၄၀ မမ ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး မီတာ ၃၀၀ အတွင်း အနီးကပ် လက်နက်ငယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မအူရွာစစ်တပ်စခန်းကို ဧပြီ ၂ ရက် မနက် ၁၀ နာရီက စတင်ပြီး ၆၀ မမ ၇ လုံး၊ ၄၀ မမ ၃ လုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် စစ်သားတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ချောင်းဦးမြို့နယ်မှာတော့ ဧပြီ ၂ ရက် မနက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က အမျိုးသား နှစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တောင်ဖီလာကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာကာ ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး ၁၅ ဦးကို ဖမ်းဆီးသွားကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “မနက်အစောကြီး ၃ နာရီလောက်မှာ အင်အား ၁၅၀ လောက်နဲ့ ရွာကို စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းထိုးတဲ့လမ်းမှာပဲ အမျိုးသားနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ လမ်းမှာတွေ့တဲ့ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၅ ဦးကိုလည်း ဖမ်းသွားတယ်။ ရွာက နေအိမ်တွေလည်း မီးရှို့သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အမျိုးသားနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး တောင်ဖီလာကျေးရွာက ပြည်သူ ၃ ဦး၊ မှန်ချိုကျေးရွာက ပြည်သူ ၆ ဦး၊ ထူးနီကျေးရွာက ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

အရပ်သား ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တောင်ဖီလာကျေးရွာက နေအိမ် ၅ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလည်း စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်ဟာ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၁၃ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦး ဒဏ်ရာရှိခဲ့ကာ နေအိမ် အလုံး ၆၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013