DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးပျက်ချိန်များလွန်းသဖြင့် အသေးစားစက်မှုလုပ်ငန်းများ အခက်ကြုံ
DVB
·
April 3, 2023
လျှပ်စစ်မီးပျက်ချိန်များလွန်းသဖြင့်  အသေးစားစက်မှုလုပ်ငန်းများ အခက်ကြုံ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ လျှပ်စစ်မီးက ပုံမှန်မရှိ ပြတ်တဲ့အချိန်ကသာများလွန်းနေတာကြောင့် အရင်ကထက်နှစ်ဆ သုံးဆ ပိုပြီး ရုန်းကန်နေရတယ်လို့ တနိုင်တပိုင်လုပ်ကိုင်နေတဲ့ အသေးစားစက်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီးကို အလှည့်ကျ စနစ်နဲ့ ခွဲဝေပေးနေရာကနေ လက်ရှိမှာတော့ အချိန်ဇယားနဲ့ မပေးနိုင်တော့တဲ့အတွက် လျှပ်စစ်မီး မရတဲ့ အချိန်ကပိုများလို့ လာပါတယ်။ 

၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ မတ်လအထိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံတွေ ဖောက်ခွဲဖျက်ဆီးခံရတာဟာ ၂၂၇ ကြိမ် ရှိခဲ့တယ်လို့လည်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မတ် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တနိုင်တပိုင်လုပ်ကိုင်နေတဲ့ အသေးစားစက်မှုလုပ်ငန်းရှင်တွေဟာ ဂျင်နရေတာတွေကို အသုံးပြုပြီး လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် ရွေးချယ်စရာ မရှိ ဖြစ်လာရတဲ့အကြောင်း တနိုင်တပိုင် လုပ်ကိုင်နေတဲ့ အသေးစားစက်မှုလုပ်ငန်းရှင် တွေက ဆိုပါတယ်။

“သမားရိုးကျ ပုံမှန်ဆိုရင် မနက် ၉ နာရီလာ နေ့လယ် ၁ နာရီ ပြန်ပျက်။ နေ့လယ် ၁ နာရီက ပြန်ပျက်ပြီး ညနေ ၅ နာရီ ပြန်လာ။ ဒါက အရင် သူတို့ ပုံမှန် ပေးနေတဲ့ ပုံစံနဲ့ အလှည့်ကျပေးတဲ့ စနစ်။ အခုက လာတဲ့ အချိန်မမှန်တော့ဘူး။ မလာတဲ့ အချိန်ကသာ များနေလို့ မီးစက်နဲ့ နှိုးနေရတယ်။ မီးစက်နဲ့နှိုးရတော့ ဆီဖိုးတက်လာတာပေါ့ဗျာ။ ဒါပေမဲ့ မီးစက်နှိုးပြီး အထည်ချုပ် ရလို့ အထည်ချုပ်ခက ပိုတော့ ရမလာဘူး။ ရှင်းရှင်းပြောရရင် အလုပ်ဖြစ်အောင် လုပ်နေရတဲ့ သဘောပေါ့ဗျာ။ မလုပ်ရင်လည်း ထိုင်နေရမယ့် အခြေအနေပဲ ရှိနေတာလေ။ ကျနော့် အလုပ်ရုံကတော့ အသေးလေးပါ။ မီးစက်နှိုးရတဲ့ ဆီဖိုးက ၁ နာရီကို ၂ လီတာကျော် ကုန်တယ်။ ဒါက ကျနော် တပိုင်တနိုင်လုပ်နေတဲ့ အနေအထားကိုပြောတာ။ ဆီဖိုးက ၁ နာရီ ၅၀၀၀ ကျပ်နီးနီး ကုန်တယ်။ ဒါပေမဲ့ ကျနော်တို့ ရတဲ့ လုပ်အားခက လျှပ်စစ်နဲ့လုပ်တဲ့ လုပ်အားခပဲ ရတယ်။ ပိုပြီး ရတာ မဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါ တယ်။ 

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအောက်မှာ ပြည်သူတွေရဲ့ဘဝဟာ ဆင်းရဲကျပ်တည်းလာပြီး  စားဝတ်နေရေးအတွက် အရင်ကထက် နှစ်ဆသုံးဆပိုပြီး ရုန်းကန်နေရတဲ့အကြောင်း အသေးစားလုပ်ငန်းရှင်တဦးက အခုလို မှတ်ချက်ပေးပါတယ်။ 

“လက်ရှိ အိမ်မှာ ချုပ်နေတာက ကလေးတွေ ဝတ်မယ့် အဖြူနဲ့ အစိမ်း ကျောင်းဝတ်စုံတွေပါ။ အဲ့ဒီ့အထည်တွေက ကျောင်းဖွင့် ရာသီအတွက် သတ်မှတ်ထားတဲ့ အချိန် (target time) ရှိတယ်ဗျ။ ဘာလဲဆိုတော့ သင်္ကြန်ပြီးတာနဲ့ အဲ့အထည်တွေက ရောင်းရတော့တာ။ ဒီတော့ သင်္ကြန်မတိုင်မီ ကျနော်တို့က တွန်းပြီးတော့ ချုပ်ရတယ်။ သင်္ကြန်ပြီးသွားလို့ ချုပ်ချင်ပါတယ်ဆိုတောင် ချုပ်လို့ မရတော့ဘူး။ အဲ့လို အခြေအနေပါ။ အဲ့တော့ မီးပြတ်လို့ မကိုင်ဘူး မချုပ်ဘူးဆိုရင် အလုပ် မလုပ်ရရုံပဲ ရှိတယ်။ လူတွေက အဆင်ပြေနေကြတယ်လို့ မဟုတ်ဘူးဗျာ။ ထမင်းစားရဖို့ အရေးကို အရင်ထက် နှစ်ဆ သုံးဆ ပိုရုန်းနေရတယ်။”

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် လုပ်ငန်းလုပ်ရာမှာ ငွေကြေးဆုံးရှုံးမှုတွေနဲ့ကြုံရသလို ကုန်ပစ္စည်းတွေ လွှင့်ပစ်ရတဲ့အခြေအနေထိဖြစ်ရတယ်လို့ ရေခဲမုန့်၊ရေခဲထုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကျမက ရေခဲမုန့်ကိုတဆင့်ခံယူရောင်းတာ ဒီလုပ်ငန်းကမီးကိုအားပြုပြီး လုပ်နေရတော့ မီးပုံမှန်ပျက်ရင်ပြဿနာမဟုတ်ပေမဲ့ လာချိန်ပျက်ချိန်အတိအကျမရှိတော့ ဆုံးရှုံးမှုတွေရှိတယ်။ ဟိုနေ့ကမှာထားတဲ့ရေခဲမုန့်သုံးရာ လွှင့်ပစ်ရတယ်။ မီးကတစ်နေကုန်မလာတာ တစ်သိန်းကျော်လောက်ထိသွားတယ်။ အခုမီးအခြေအနေကြောင့်ရောင်းတာနားထားရတယ်။”

အလားတူ ရပ်ကွက်အတွင်း သံပန်းသံတံခါးတပ်ဆင်သူတွေလည်း မီးမလာတဲ့ရက်တွေမျတားလို့ အလုပ်မလုပ်ရသူတွေလည်းရှိတယ်လို့ နေ့စားအလုပ်သမားတစ်ဦးက ပြောပါတယ်။

"မြောက်ဒဂုံမှာ သံပန်းသံတခါး ပုတ်ပြတ်လေးရလို့ သွားလုပ်တယ်။ မနက်ပိုင်းမီးက မလာဘူး။ လာတယ် နာရီဝက်လောက်နဲ့ ပျက်သွားတယ်။ ညနေအထိစောင့်တယ် မလာဘူး။ အဲ့နေ့က ပြန်လာရတယ်။ နောက်နေ့ကျတော့ ဒီအတိုင်းပဲ လာလိုက်ပျက်လိုက်နဲ့ အလုပ်ပြီးအောင်ဆိုပြီး ညဘက်အထိမလာဘူး။ မီးပုံမှန်မလာလို့ အလုပ်မဆင်းရဘူး။

ဒီလိုမီးအချိန်ကြာမြင့်စွာ လျှပ်စစ်မီးမလာလို့ စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေ ထမင်းဟင်းမချက်ရဘဲ နေ့စဥ်ဝယ်စားရလို့ ငွေကုန်ကြေးကျများတယ်လို့ အထည်ချုပ် အလုပ်သမားတစ်ဦးက ပြောပါတယ်။

"မနက်သွားတဲ့အချိန် မီးပျက်တော့ ထမင်း၊ ဟင်းဝယ်ထည့်ရတယ်။ ပြန်လာတော့ မီးကထပ်ပျက် ထမင်းဟင်းဝယ်စားရတော့ တစ်လတာသုံးဖို့ထားတဲ့အထဲက အပိုငွေပိုကုန်တာပေါ့။ ဒီအတိုင်းသာပျက်နေရင် လစာတောင်ကျန်မှာမဟုတ်ဘူး။”

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်မီးကို အချိန် အကန့်အသတ်နဲ့သာပေးပေမဲ့ လစဉ် မီတာခ ပေးဆောင်ရတဲ့နေရာမှာ လျှပ်စစ်ဓါတ်အား သုံးစွဲခ ကုန်ကျစရိတ်အတွက် မြို့နယ်လျှပ်စစ်ဌာနနဲ့ မကြာခဏ အငြင်းပွားမှုတွေ ကြုံနေရပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတွေက “လျှပ်စစ်မီးက တနေ့ ဘယ်နာရီ လာတယ်ဆိုတာ ပုံမှန်ကို ပြောလို့ မရတော့တာ။ ပြီးခဲ့တဲ့ နှစ်ရက်က ဆိုရင် ၂၄ နာရီ တနေကုန်လုံးမှာ လျှပ်စစ်မီး လာတာက ၁ နာရီတောင် မပြည့်ဘူး။ တခါ လာလိုက် ၅ မိနစ် ၁၀ မိနစ် လာလိုက် ပြန်ပြတ်သွားလိုက်နဲ့။ မီးလာတဲ့အချိန် လူတွေက ရေ တင်စရာ ရှိ ပြေးတင်။ လူတွေမှာ ရေ တစည် ရဖို့ကို တနေကုန် စောင့်ပြီးမောင်းတင်နေရတယ်။ ပြောရရင် ကိုယ့်အိမ် ကိုယ်နေပြီးတော့ ဒုက္ခရောက်နေကြရတယ်။ ပြီးတော့ လျှပ်စစ်မီးသာ မလာပေမဲ့ မီတာခဆောင်တဲ့အခါ သူတို့နဲ့ အငြင်းပွားရတယ်။ သူတို့က ဘာပြောလဲဆို ဒါက မီတာဖတ်တဲ့ စာရေးအတိုင်း ကောက်သာတဲ့။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ တိုင်မှာ တပ်ထားတဲ့ digital meter box ကို သွားတက်ကြည့်လို့ မရဘူးလေ။ တကယ်လို့ တက်ကြည့်ရင်လည်း လျှပ်စစ်ဥပဒေအရ အရေးယူခံရဦးမယ်။ ဘာလို့လဲဆို လျှပ်စစ်ဌာနက ဝန်ထမ်းမဟုတ်ပဲနဲ့ meter box ကို ကိုင်ဆောင်ခွင့် မရှိ ဆိုတာ ရှိတယ်လေ။ အဲ့တော့ ပြောရရင် လျှပ်စစ်မီးသာ မလာပေမဲ့ သူတို့ တောင်းသလောက် ကျနော်တို့က ပေးနေရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

နွေရာသီကာလအတွင်း နေ့/ည အပူ ချိန်မြင့်မားလာတာနဲ့ ဓာတ်အားသုံးစွဲမှုမြင့် တက်လာတာ၊ ဓာတ်အားပေးစက်တွေကို နှစ်စဉ်ပုံမှန်ထိန်းသိမ်း ပြုပြင်ရတာ၊ ၂၃၀ ကေဗွီနဲ့ ၁၃၂ ကေဗွီ လောပိတ မဟာဓာတ်အားလိုင်းတွေရဲ့ တာဝါတိုင်များ အကြိမ်ကြိမ် ဖျက်ဆီးခံရတာကြောင့် ဘီလူးချောင်း (၁)၊ (၂)၊ (၃) ဓာတ်အားပေးစက်တွေက  ထုတ်လုပ် ပို့လွှတ်တဲ့ ဓာတ်အားတွေ လျော့နည်းနေပါတယ်။ 

မတ် ၂၇ ရက်က  ၂၃၀ ကေဗွီ၊ သထုံ-မော်လမြိုင်မဟာဓာတ်အားလိုင်းရဲ့ တာဝါ တိုင်(၂)တိုင်မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာကြောင့်  ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်တာနဲ့ သုံးစွဲမှု မမျှတတာတွေကြောင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ် တောက်မှု မဖြစ်ပေါ်စေရေး အရေးပေါ်ဝန်အားလျှော့ချတာနဲ့ အလှည့်ကျ ဝန်အားလျှော့ချတာတွေကိုလုပ်ဆောင်ကာ ဓာတ်အားဖြန့်ဖြူး ပေးနေရတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013