DVB Logo
Home
မြန်မာသတင်း
စလင်းနှင့် ကလေးမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ
DVB
·
April 3, 2023
စလင်းနှင့် ကလေးမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူ ၅၀၀ လောက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ စလင်းမြို့နယ် ကင်ပွန်းခြုံရွာကို မတ်လ ၂၈ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၃၈ အိမ်ရှိတဲ့အနက် ၁၂၃ အိမ် မီးလောင်ပြကျခဲ့တယ်” လို့ ကင်ပွန်းခြုံရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သူတို့စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြားတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုတင်သတိပေးတဲ့အတွက် တပိုင်တနိုင် ပစ္စည်းလေးတွေ သယ်ယူပြီး ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီလို ထွက်ပြေးတိမ်းရှောင်ရာမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေ ပါဝင်ပြီး ရာသီဥတုဒဏ်ကြောင့် နှာဆေးတာတွေ၊ ဖျားနာတာတွေ ဖြစ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေလည်း အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ တောသူတောင်သားတွေမှာ နေအိမ် ၁ အိမ် ဖြစ်မြောက်ဖို့ ၁၀ နှစ်ဝန်းကျင်လောက် ရှာဖွေစုဆောင်းပြီး ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ကြတာပါ။ စစ်ကောင်စီစစ်ကြောင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး သူတို့လည်း တနေ့ကျရင် ဝဋ်ပြန်လည်ကြမှာ။”

လက်ရှိအခြေအနေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေရာထိုင်ခင်းနဲ့ ရိက္ခာတချို့ စီစဥ်ပေးထားပေမဲ့ အဝတ်အထည်၊ အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေ အရေးပေါ်အကူအညီ လိုအပ်နေလို့ မိဘပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် ထောက်ပံ့လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

စစ်အာဏာကို သိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ မကွေးတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကြောင်ထိုးပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၉,၀၁၉ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ခြေပေါင်း ၆၀,၄၅၉ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က မတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်‌ အနောက်မြောက်ပိုင်း လက်ပံချောင်းကျေးရွာအုပ်စုမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွား‌နေပြီး စစ်ကောင်စီက လေကြောင်းကနေပါ နေ့စဉ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၉ ရက်ကစတင်ပြီး စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့လက်အောက်ခံ ပျူစောထီးကျေးရွာဖြစ်တဲ့ ဆည်တော်ဦး၊ ကျောင်းတိုက်ဘက်ကနေ ချမ်းသာကြီးကျေးရွာ ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား‌တွေ ချမ်းသာကြီးကျေးရွာဘက်ကို စတင်စစ်ကြောင်းထိုး ဝင်ရောက်လာကတည်းက ‌လက်ပံချောင်းကျေးရွာအုပ်စုက ဒေသခံ ၁၀,၀၀၀ ဝန်းကျင်ဟာ ကလေးမြို့ပေါ်နဲ့ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဆလိုင်းဗန်ထောင်ဘိတ်က ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာက ၅ ရက်ရှိပြီ။ သယ်ဆောင်လာတဲ့ ဆန်တွေ ဆီတွေလည်း ပြတ်ကြပြီ။ အရင်ကဆိုရင် ရွာအနီးက တောတွေထဲ ပြေးလို့ရတယ်။ အခုက‌ စစ်ကြောင်းက ၃ ကြောင်း ထိုးလာတာဆိုတော့ ရွာနဲ့နီးရာမှာ မနေရဲလို့ မြို့ပေါ်နဲ့ တခြားနေရာတွေမှာ ပြေးနေကြရတာ။ စစ်တပ်ဘက်က လေကြောင်းတွေလည်း ၂ ရက်ဆက်တိုက် ပစ်ကူနေတယ်။”

အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ ဆန်၊ ဆီ၊ အဝတ်အထည်တွေနဲ့ ခြုံစောင်၊ ခြင်ထောင်တွေပါ လိုအပ်နေပြီး စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူ‌ငယ်တွေ အများအပြားလည်း ပါဝင်နေပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ များပြားနေပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေ ရှိပေမဲ့ အကျအဆုံး မရှိသေးကြောင်း ‌တော်လှန်ရေးအင်အားစုတွေက ပြောကြားထားပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013