DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရသင်္ကြန်မဏ္ဍပ်ကို ပြည်လမ်းပေါ်မဆောက်ရဲဘဲ ပြည်သူ့ရင်ပြင်အတွင်း ပြောင်းရွှေ့
DVB
·
April 3, 2023
စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရသင်္ကြန်မဏ္ဍပ်ကို ပြည်လမ်းပေါ်မဆောက်ရဲဘဲ ပြည်သူ့ရင်ပြင်အတွင်း ပြောင်းရွှေ့
Donate to DVB

ရန်ကုန်သင်္ကြန်ကို စည်ကားအောင်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရန်ကုန်တိုင်းအစိုးရ မဏ္ဍပ်ကို အရင်လို ပြည်လမ်းမဘေးမှာ မဆောက်တော့ဘဲ လုံခြုံရေးအရ ပြည်သူ့ရင်ပြင်ထဲမှာ ပြောင်းရွှေ့ဆောက်လုပ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရ သင်္ကြန်ရေကစားမဏ္ဍပ်ကို ပြီးခဲ့တဲ့နှစ်က ပြည်သူ့ရင်ပြင်နဲ့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ ပြည်လမ်းမမှာ ဆောက်လုပ်ခဲ့ပြီး စည်ကားတယ်ဆိုတဲ့ ပုံဖော်ဖို့အတွက် ဖြတ်သွားဖြတ်လာ ကားတွေကို မဏ္ဍပ်ရှေ့ကနေ အတင်းတန်းစီ ဖြတ်မောင်းခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။

ဒီနှစ်မှာတော့ ပြည်သူ့ရင်ပြင်ဝင်းထဲမှာဘဲ ဌာနအလိုက် ရေကစားမဏ္ဍပ်တွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်ကို ဆောက်လုပ်နေတာဖြစ်ပြီး လုံခြုံရေးအရ အပြင်လူဝင်ရောက်တာကိုပါ ကန့်သတ်နိုင်ခြေရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရရုံးက သတင်းအရင်းအမြစ်တစ်ဦးက “သူ့လူနဲ့သူပဲ လုပ်မယ့်သဘောပဲ။ လုံခြုံရေးအရ အဝင်အထွက် အတော်တင်းကျပ်မယ့်သဘော ရှိတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မလာမဖြစ်လာဖို့လည်း ဌာနအလိုက် ညွှန်ကြားတာရှိတယ်။ အခု မဏ္ဍပ်ဆောက်နေတာတောင် လုံခြုံရေးတွေက စောင့်ပေးနေရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြို့တော်ခန်းမရှေ့က မြို့တော်ဝန်မဏ္ဍပ်နဲ့ ဘားလမ်းက လမ်းလျှောက်သင်္ကြန် ပြုလုပ်မယ့် နေရာတဝိုက်ကိုလည်း အတားအဆီးတွေ ပြုလုပ်ထားကာ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ လုပ်မယ့်သဘောရှိတယ်လို့လည်း မြို့ခံတွေကဆိုပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးက “မနှစ်ကလည်း သူတို့ငါးထောင်းစားအုပ်စုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပဲ သွားကြတာ။ ပြည်သူတွေက စိတ်ကိုမဝင်စားဘူး။ ဒီနှစ်လည်း မနှစ်ကလိုပဲ ပုံဖော်ဦးမှာပဲ”လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်လျှောက်ထားတာကို မတ်လ ၃၁ ရက်အထိ လက်ခံမယ်လို့ ကြေညာထားပါတယ်။

အခုအချိန်အထိတော့ ပုဂ္ဂလိကရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်လျှောက်ထားသူ ရှိ၊ မရှိကို သတင်းထုတ်ပြန်တာမရှိသလို လက်ရှိအချိန်အထိ  ပုဂ္ဂလိကရေကစားမဏ္ဍပ် ဆောက်လုပ်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013