
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနဲ့ ဘုရားထွက်ရွာနားမှာ ဧပြီ ၂ ရက် မနက် ၁၀ နာရီ လောက်က စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေရာမှာပဲ ဧပြီ ၁ ရက် ညနေ ၅ ကျော်က တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်တပ်က လေကြောင်း ကနေ ပစ်ခတ်ခဲ့တာပါ။
ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲကတော့ စစ်တပ်က မြေတူးစက်(ဘူဒိုဇာ)နဲ့ ဒီပဲယင်းမြို့နယ်ထဲက လမ်း တချို့ကို ဖျက်ဆီးခဲ့လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာလို့ ကြည်ရွာသား တဦးက ဆိုပေမဲ့ ဗိုလ်စကားပြောက်ကျားတပ်ဖွဲရဲ့ တာဝန်ရှိသူ ထွေးညိုကတော့ PDF ရဲဘော်တွေ ကယ်ထုတ်ဖို့ တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။
“တိုက်ပွဲက ၉ နာရီ ၄၅ မိနစ်က စဖြစ်တယ်။ ၁၀ နာရီကျော်တော့ နမခကနေ MI 35 နဲ့ လာပစ်တယ်။ ပိတ်မိနေတဲ့ ရဲဘော်တွေကို ကယ်ထုတ်နိုင်ခဲ့တယ်။ သူတို့ဘက်ကတော့ အထိခိုက်အကျဆုံး မသိရသေးဘူး။ ကျနော်တို့ ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး”
အခုရောက်နေတဲ့ စစ်တပ်နဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ထားပြီး စစ်တပ်က ၃၀ လောက် သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ကလည်း ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး ခေါင်းဆောင် တချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာတော့ မင်းတိုင်ပင်ရွာနားမှာ ဧပြီ ၂ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီက တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဒေသခံ ပုလဲဗိုလ်ဠုန်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
“သူတို့ တက်လာမယ်ဆိုတာ သိလို့ မင်းတိုင်ပင်ရွာထဲကနေ ကြိုစောင့်ပြီး ပစ်ခဲ့တာ။ သူတို့ ဘက်က ၂ ယောက် ကျတယ်။ ကျနော်တို့ဘက်က ကျည်အင်အားနည်းတာကြောင့် နောက်ဆုတ်ပေးလိုက် ရတယ်”
တိုက်ပွဲကို ပုလဲဗိုလ်ဂဠုန်အဖွဲ့နဲ့ သခင်ဒေါင်းညိုအဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါစစ်ကြောင်းဟာ မင်းတိုင်ပင်ကနေ နှောကန်ရွာဘက်ကို ဆိုင်ကယ်တွေစီးပြီး ထပ်မံစစ် ကြောင်းထိုးရာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထပ်မံ တိုက်ပွဲဖြစ်ပွားတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ဒေါင်းနက်အဖွဲ့ခေါင်းဆောင်ရဲဘော် ကိုပေက “တိုက်ပွဲဖြစ်တာက နှောကန်ရွာနားက ဆီဆိုင်မှာ ဖြစ်တာ။ ပထမက သူတို့ အရပ်သားဝတ်စုံတွေ ဝတ်ပြီး ဆိုင်ကယ်တွေနဲ့ မောင်းလာတယ်။ အဲဒီလို မောင်းလာတဲ့ အရှေ့ဆုံးက ထွက်လာတဲ့ နှစ်ကောင်ကို အသေပစ်နိုင်ခဲ့တယ်။ စစ်တပ်က ပြန်ပစ်လို့ ရဲဘော် တဦး ကျည်ထိ မှန်ခဲ့တယ်”လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ဒေါင်းနက်ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ ဘကဖလိုခေါ်တဲ့ ကျောင်းသား တပ်မတော်တို့ ပူးပေါင်းပစ်ခတ်ခဲတာလို့လည်း ဆိုပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို ထိခိုက်ကျဆုံး အရေအတွက်ကိုလည်း သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။