
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း ကြည်ရွာနဲ့ ဘုရားထွက်ရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ညနေ ၅ ကျော်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်မှာ နမခစစ်တပ်ကနေ လာရောက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဒေသခံအမျိုး သမီးတယောက်က “ကျမတို့ ဒီပဲယင်းမှာ စစ်ကြောင်းထိုးနေတာ ၅ ရက်လောက်ရှိပြီ။ ဘုတလင်မြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းရှင့်။ ဘာကြောင့်အခုလို ပစ်ရတာလဲဆိုတော့ မတ်လ ၃၁ ရက်နေ့မှာ ကျမတို့ ဒီပဲယင်းမြို့နယ်၊ မကျည်းကောက်ရွာမှာ ဒေသခံတွေ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိခဲ့တယ်။ ဒီနေ့လည်း ကြည်၊ ဘုရားထွက်ရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်ပြီး သိပ်မကြာဘူး နမခကနေ လေယာဉ် ၂ စီး နဲ့ လာပစ်တယ်။ ဒေသခံတွေကတော့ အကုန်ထွက်ပြေးနေရတယ်”လို့ ပြောပါတယ်။
မတ်လ ၃၁ ရက်နဲ့ ဧပြီ ၁ ရက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘယ်က အယောက် ၃၀ ကျော်သေပြီး PDF ရဲဘော် ၂ ယောက် ကျဆုံးသွားတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသခံကာကွယ်ရေးအဖွဲဝင်တစ်ဦးက “တိုက်ပွဲဖြစ်တာ ၂ရက်ရှိသွားပြီဗျ။ မနေ့ကတိုက်ပွဲက စစ်သား ၁၀ ကောင်ထက်မနည်းကျဆုံးတယ်။ ဒီနေ့လည်း စစ်သား ၂၀ ထက်မနည်းကျ ဆုံးတယ်ဗျ။ နောက်လေကြောင်း အသုံးပြုလာတိုက်တယ်။ MI 35 က အပေါ်ကနေ ဝဲပြီးပစ်ပေးတယ်။ နောက်ဗိုက်ဖောင်းလို့ခေါ်တဲ့ ဂျက်လေယာဉ်က စစ်သားတွေ မြေပြင်ချပြီး မြေပြင်ကအလောင်းတွေကို နမခပြန်သယ်သွားကျတယ်။ နှစ်ရက်တာ တိုက်ပွဲမှာ ကျနော်တို့ ကာကွယ်ရေးတွေဘက်က ရဲဘော်၂ ဦးတော့ ကျဆုံးတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်ရာမှာ မြေပြင်စစ်ကြောင်းအတိုင်း ယှဉ်မတိုက်နိုင်လို့ လေယာဉ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြု အခုလိုတိုက်ခိုက်လာတာဖြစ်ပါတယ်။
NUG အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ခုခံနိုင်ဖို့ လက်နက်တွေ မြေပြင်အဖွဲ့တွေကို အမြန်ဆုံးပေးအပ်ဖို့ အရေးပေါ်လိုအပ်နေပြီလို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက တိုက်တွန်းနေကြပါတယ်။