DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေ၊ ၁၁ ယောက် အရှင်ဖမ်းမိဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်
DVB
·
April 2, 2023
တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေ၊ ၁၁ ယောက် အရှင်ဖမ်းမိဟု ကော်ဘရာစစ်ကြောင်းထုတ်ပြန်
Donate to DVB

တပတ်တာအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အရာရှိတွေအပါအ ဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့ပြီး ၁၁ ယောက်ကို စစ်သုံ့ပန်းတွေအနေနဲ့ အရှင်ဖမ်းမိထားတယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကနေ ၃၁ ရက်အထိ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လိုက်တာဖြစ်ပြီး တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ မြဝတီမြို့ ကုန်သွယ်ရေးဇုန်နဲ့ သင်္ကန်းညီနောင် ရဲစခန်းနယ်မြေတွေကို မတ် ၂၅ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

မတ် ၂၅ ရက် တိုက်ပွဲတွေမှာတော့ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင်ရဲစခန်း၊  စစ်ကောင်စီတပ်ရင်း ၂၇၅ နဲ့ ၃၅၅ တို့ကို တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာတော့  ၂၇၅ တပ်ရင်းမှ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုရဲမှူး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်၊ တပ်ကြပ် ၂ ယောက်၊ ဒုတပ်ကြပ် ၂ ယောက်၊ တပ်သား ၁ ယောက်နဲ့ ဒုတပ်ကြပ်ရဲ့ဇနီး ၁ ယောက်၊ စုစုပေါင်း ၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီး နိုင်ခဲ့ကာ ပစ္စတို ၁ လက်၊ AK Rifle ၇ လက်၊ AK စက်လတ် ၁ လက်၊ G3 ၇ လက်၊ UZI ၁ လက် ၊ AK ကျည် ၁၉၆ တောင့်၊ G3 ကျည် ၃၈၅ တောင့်၊ 9mm ၁၀၄ တောင့် အပြင် တခြား စစ်အသုံးအဆောင်ပစ္စည်းတွေကို လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြေပြင်အရေးနိမ့်မှုကြောင့် စစ်ကောင်စီတပ်တွေဘက်က လေကြောင်းစစ်ကူ ၅ ကြိမ်၊ လက်နက်ကြီးပစ်ကူအကြိမ်ရေ ၅၀ အထက် ပစ်ခတ်ခဲ့ပြီး အဆိုပါ ၂၅ ရက်နေ့တိုက်ပွဲတွေမှာတော့ ကော်ဘရာစစ်ကြောင်းက ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ကော်ဘရာစစ်ကြောင်း တပ်ခွဲ(၅)က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ် ၂၆ ရက်မှာတော့ အကြမ်းဖက်စစ်ကောင်စီဘက်က ပြည်သူတွေ နေထိုင်ရာ မဲကနယ်ရွာ၊ ရွှေမြစန္ဒီမြို့သစ်၊ အိမ် ၅၀ ရပ်ကွက်ကို  လက်နက်ကြီးအကြိမ်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြပြီး နေအိမ် ၂ လုံးအပါအဝင် ပြည်သူ့ အိုးအိမ်စည်စိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး ကော်ဘရာပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း Drone နဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။ ၂၇ ရက်နေ့မှာလည်း  စစ်ကောင်စီတပ်တွေနဲ့ BGF တို့ ဘက်က လက်နက်ကြီးနဲ့ ၁၈ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် Drone နဲ့ ပြန်လည်ပစ်ခတ်ခဲ့ရတယ်လို့ ပြောပါတယ်။

၂၈ ရက်မှာတော့ ရွှေမြစန္ဒီမြို့သစ်ကို စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးနဲ့ ၄၈ ကြိမ် ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၁၃ လုံးထိမှန်ပြီး ၁ လုံး မီးလောင်ပြာကျခဲ့တာကြောင့် ကော်ဘရာပူးပေါင်းတပ်ဖွဲ့တွေ ဘက်က Drone နဲ့ Sniper အသုံးပြုပြီး ပစ်ခတ်ခဲ့တာကြောင့် BGF ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မတ် ၂၉ ရက်မှာတော့ လက်နက်ကြီး ၂၀ ကြိမ်နဲ့အထက် ပစ်ခတ်ခဲ့ပြီး ကော်ဘရာပူးပေါင်းတပ်ဖွဲ့တွေဘက်က Sniper၊ Drone တို့ဖြင့် ပစ်ခတ်ခဲ့လို့ စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်နဲ့ IO ၁ ယောက် သေဆုံးပြီး တခြားအဆင့် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ဒါ့အပြင် မတ် ၃၀ ရက်ကတော့ ကော်ဘရာပူးပေါင်းတပ်ဖွဲ့တွေဘက်က သင်္ကန်းညီနောင်ရဲစခန်းကို Sniper နဲ့ ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကာ သူတို့ဘက်က လက်နက်ကြီး အကြိမ် ရေ ၂၀ ကျော် ပြန်လည်ပစ်ခတ်ခဲ့ကြတာဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွင်း နယ်ကျွံလာတဲ့ BGF ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၃၁ ရက်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးအကြိမ်ရေ ၁၃၅ ကြိမ်ထိ ပစ်ခတ်ခဲ့ကြတာကြောင့် ပြည်သူနေအိမ်အမြောက်အများ ပျက်စီးမီးလောင်ခဲ့ပြီး ကော်ဘရာပူးပေါင်း တပ်ဖွဲ့တွေဘက်က ပြန်လည်တိုက်ခိုက်ခဲ့လို့ BGF ၆ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကရော၊ မြေပြင်ကပါ တိုက်ခိုက်နေမှုတွေကို ရရာနည်းလမ်းနဲ့ ခုခံတိုက်ခိုက်ဖို့ရာမှာလည်း လက်နက်ရိက္ခာလိုအပ်ချက်တွေ ရှိနေသလို တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ပြည်သူတွေဘက်က တတ်အားသမျှ ထောက်ပံ့ကူညီနိုင်ရေးဟာလည်း အရေးပါနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013