DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အခမဲ့ဗီဇာ ၁၄ ရက်သတ်မှတ်သဖြင့် ခရီးသည်များ ဗီဇာပြန်လျှောက်နေရ
DVB
·
April 1, 2023
ထိုင်းတွင် အခမဲ့ဗီဇာ ၁၄ ရက်သတ်မှတ်သဖြင့် ခရီးသည်များ ဗီဇာပြန်လျှောက်နေရ
Donate to DVB

ထိုင်းနိုင်ငံကို မြန်မာအပါအဝင် အခမဲ့ ဗီဇာ ၄၅ ရက်နဲ့ လာရောက်ခွင့်ပြုထားတဲ့ နိုင်ငံတွေကို ဧပြီ ၁ ရက်ကစပြီး ၁၄ ရက်သာ Visa Free ပေးတော့တာကြောင့် ၁၄ ရက်ထက် ပိုနေမယ်ဆိုရင် ခရီးစဉ်မတိုင်ခင် ရက် ၆၀ တိုးရစ်ဗီဇာ လျှောက်လာဖို့ ဘန်ကောက် မြန်မာသံရုံးက မတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ထိုင်းမှာ အခမဲ့ဗီဇာနဲ့ ပတ်သက်လို့ ရုတ်တရက် ပေါ်လစီ ပြောင်းလိုက်တဲ့အတွက် လေယာဉ်လက်မှတ်တွေကို ရက်ပြန်ချိန်းရတာတွေ၊ ဗီဇာ ပြန်လျှောက်ရတာတွေ ရှိတယ်လို့ ခရီးသွားအေးဂျင့်တွေက ပြောပါတယ်။

ထိုင်း-မြန်မာ ခရီးသွားအေးဂျင့်တဦးက "တော်တော်များများက မသိဘူးလေ။ ၁၄ ရက်ပဲ ရမယ်ဆိုတာ မသိတော့ လေယာဉ်လက်မှတ်ကို ရက် ၂၀၊ ရက် ၃၀ လောက် ဖြတ်ထားတာ ရှိတယ်။ လေယာဉ်လက်မှတ်ကိုလည်း ပြန်မဖြတ်ချင်ဘူး။ နောက်တခုက ပိုက်ဆံကုန်တယ်ဆိုတော့ တော်တော်များများက တလ တိုးနေတယ်လို့ လုပ်ကြတယ်။ တလတိုးနေနေ၊ တပတ်ပဲတိုးနေနေ ပေးရတဲ့ ပိုက်ဆံ ပမာဏချင်းက အတူတူပဲ။ အခု နိုင်ငံခြားသားတွေလည်း အဲ့တိုင်းပဲ။ ၁၄ ရက် ရမယ်ဆိုတာ မသိလို့ လေယာဉ်လက်မှတ်ကို ၁ လလောက် ဟပြီး ဝယ်ထားတာ အများကြီးပဲ။ မြန်မာတွေလည်း အများကြီးပဲ" လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံခြားသား ခရီးသည်တွေအတွက် ထိုင်းနိုင်ငံမှာ ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်ကစပြီး ခွင့်ပြုခဲ့ရာ ဒီနှစ် ၂၀၂၃ ဧပြီ ၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတာ ဖြစ်ပါတယ်။ 

ထိုင်းကို လာမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ၁၄ ရက်ထက် ပိုနေမယ်ဆိုရင် မြန်မာနိုင်ငံကနေ မထွက်ခွာခင် ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ရက် ၆၀ အလည်အပတ် ဗီဇာ ကြိုတင် လျှောက်ထားခဲ့ရမှာဖြစ်ပြီး ဗီဇာကုန်ကျစရိတ် ဒေါ်လာ ၄၀ ပေးရမှာပါ။

ရန်ကုန် - ဘန်ကောက် သွားမယ့် ခရီးသည်တယောက်ကတော့ လေယာဉ်လက်မှတ် ကြိုဝယ်ထားတာကြောင့် အခုလို အခမဲ့ဗီဇာ ၄၅ ရက်အစား ၁၄ ရက် ဖြစ်သွားတာကြောင့်  လက်မှတ်အသစ် ပြန်ပြောင်းလိုက်ရတယ်လို့ ပြောပါတယ်။

ရန်ကုန်-ဘန်ကောက် ခရီးသည်တဦးက "ကျနော်က ၁၅ ရက်ဖြစ်နေလို့ လက်မှတ်ကြီးက အဝင်မှာ ထိုင်းတွေက ရစ်မှာစိုးလို့ ရှုပ်လို့ဆိုပြီး သပ်သပ် လေယာဉ်လက်မှတ် ထပ်ဝယ်လိုက်တယ်။ အဟောင်းဝယ်ထားတာကို အရှုံးခံလိုက်တာ။ အဲ့လိုပဲ လုပ်လိုက်တာ။ အဆုံးပဲ ခံလိုက်တော့တာ။ တရက်ပိုသွားတော့ နည်းနည်း ကြောက်တာပေါ့။ အဲဒါကြောင့် လက်မှတ်ဝယ်လိုက်တာ။ Immigration ကတော့ အသွားအပြန် လက်မှတ်ပါရင် ရတယ်။ ဗီဇာဖရီးဆိုတော့ ၁၄ ရက်ပဲ ရတာပေါ့။ ဗီဇာလျှောက်ရင်တော့ ၂ လ နေလို့ရတာပေါ့"လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့် ပြည်ပထွက်သူတွေ များပြားလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကိုလည်း တရားဝင်နဲ့ တရားမဝင် လမ်းကြောင်းတွေကပါ နည်းအမျိုးမျိုးနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေ များပြားလာပါတယ်။

ဧပြီ ၁ ရက်မှ စတင်တဲ့ အခမဲ့ဗီဇာ (Visa Free) နဲ့ ၁၄ ရက်ဘဲ  ခွင့်ပြုတော့တဲ့ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားခရီးသည် ၁၁ ဒသမ ၁၅ သန်း လာရောက်ခဲ့ပြီး ဒီနှစ် ဇန်နဝါရီ တလတည်းမှာပဲ ခရီးသည် ၂ ဒသမ ၁၄ သန်း ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းကို ကမ္ဘာလှည့်ခရီးသည် သန်း ၂၀ နီးပါး လာရောက်မယ်လို့ ထိုင်းခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013