DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်တွင်း ထိပ်ပိုင်းအရာရှိအချို့ကို အနားပေး၊ ရာထူးတိုး၊ နေရာပြောင်းအလဲလုပ်
DVB
·
April 1, 2023
စစ်ကောင်စီတပ်တွင်း ထိပ်ပိုင်းအရာရှိအချို့ကို အနားပေး၊ ရာထူးတိုး၊ နေရာပြောင်းအလဲလုပ်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်က မတ်လ ၃၀ ရက်မှာ စစ်ကောင်စီတပ်တွင်းက စစ်တိုင်းမှူးများနှင့် ထိပ်ပိုင်းအရာရှိတချို့ကို  ဖြုတ်ပစ်တာတွေ၊ ရာထူးတိုးပေးတာတွေနဲ့ နေရာအပြောင်းအလဲတွေ လုပ်ခဲ့တယ်လို့  စစ်ရာထူးခန့်ချုပ်ရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (မွန်ပြည်နယ်၊ ကရင်ပြည်နယ်) နဲ့ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် (တနင်္သာရီတိုင်း) တွေကို တာဝန်ယူရတဲ့ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်ကို တာဝန်မှအနားပေးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကထစ ၄ မှူးနေရာက မကြာခဏအပြောင်းအလဲဖြစ်တယ်။ စည်းကမ်းအရဆို ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့ ငါးနှစ်တာ ဝန်ထမ်းဆောင်ရမယ်၊ ပြီးရင် ဗိုလ်ချုပ်ကြီးဖြစ်မယ်၊ ဗိုလ်ချုပ်ကြီးမှာ လေးနှစ် တာဝန်ယူပြီးရင် စစ်စည်းကမ်းအရ နားရမယ်။ ဒါပေမဲ့ လိုအပ်ချက်အရဆိုရင်တော့ ၂ နှစ်ထပ်ပြီး တာဝန်ယူလို့ရတယ်။ ဒုဗိုလ်ချုပ်ကြီးခင်လှိုင်ဆိုရင် ရာထူးတိုးတာတောင် မကြာသေးဘူး အခုဖြုတ်ပစ်လိုက်တယ်။ အရန်အင်အားပို့မလား၊ အရပ်ဘက်ပို့မလား မသိသေးဘူး။" 

အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးခင်လှိုင်ရဲ့နေရာကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရာထူးတိုး နေရာပေးခဲ့တယ်လို့ စစ်ရာထူးခန့်ချုပ်ရုံးနဲ့နီးစပ်သူက ပြောပါတယ်။

"တပ်ချုပ်က လူငယ်တွေကို နေရာပေးတာ။ သွေးသစ်လောင်းတယ်လို့ ပြောရမှာပေါ့။ ဗိုလ်ချုပ်ညွန့်ဝင်းဆွေက လုပ်သက်ခြောက်နှစ်ပြည့်မှ ဒုဗိုလ်ချုပ်ကြီးဖြစ်ရမှာ အစောကြီး ရာထူးတိုးသွားတာ။ သူ့ကိုလည်း ဘယ်တော့ဖြုတ်ပစ်မလဲမသိဘူး။”

ကရင်ပြည်နယ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ရဲစခန်း၊ နယ်ခြားစောင့်တပ်စခန်းနဲ့  စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံပြီးနောက်မှာ ဒုဗိုလ်ချုပ်ကြီးခင်လှိုင်ကို ဖြုတ်ပစ်လိုက်တာလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်မှူးနေရာကိုတော့ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနဲ့ အစားထိုးခဲ့ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နေရာကို အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝေလင်းကို ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့်ပေးကာ နေရာပေးခဲ့ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်ရွှေထွန်းကို တောင်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးအဖြစ် ပြောင်းလဲခန့်အပ်ကာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းအုပ်ကြီးနေရာကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလတ်ကို နေရာပေးခဲ့တယ်လို့  စစ်ရာထူးခန့်ချုပ်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013