DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားများပေါ်တွင် ခါးပိုက်နှိုက်များ အုပ်စုဖွဲ့သောင်းကျန်းနေ
DVB
·
April 1, 2023
YBS ဘတ်စ်ကားများပေါ်တွင် ခါးပိုက်နှိုက်များ အုပ်စုဖွဲ့သောင်းကျန်းနေ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ အများပြည်သူသုံး YBS ဘတ်စ်ကားတွေပေါ်မှာ ရုံးသွားချိန်နဲ့ ရုံးဆင်းချိန် လူကြပ်ချိန်တွေမှာ အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်မှုတွေ၊ အိတ်ကို ဓားနဲ့ခွဲမှုတွေ မကြာခဏဖြစ်ပွားနေတယ်လို့ မြို့ခံခရီးသွားပြည်သူတွေကပြောပါတယ်။

မတ်လ ၃၀ ရက်၊ မနက် ၈ နာရီခွဲလောက်က YBS 14 ပေါ်မှာ အိတ်ခွဲခံလိုက်ရပေမဲ့ ပစ္စည်းတော့ ပါမသွားဘူးလို့ ကိုယ်တွေ့ကြုံရတဲ့ခရီးသည်တဦးကပြောပါတယ်။

“ကျောက်ကုန်းမီးပွိုင့်ကနေ ခပ်ဝဝအမျိုးသားနှစ်ဦး တက်လာတာဖြစ်ပြီး တယောက်က ဘေးကနေပြီး လှုပ်မရအောင် တိုးထားတာပါ။ နောက်တယောက်က အနောက်ကနေ အိတ်ကိုခွဲသွားတာမျိုးလုပ်တာလို့ သိရပါတယ်။ အိတ်ကိုနှိုက်သလို ခံစားနေရလို့ အတင်း ရှေ့ကိုဆွဲထားလိုက်လို့ ပါမသွားတာပါ။ ကျနော့်ဆီကလည်း မရရော အနောက်ဘက်ကို ချက်ချင်းရောက်သွားတာ။ အဲ့အချိန်ထိ အိတ်ကို အခွဲခံထားရမှန်း မသိခဲ့ဘူး။ ဘေးနားကအစ်ကိုက သတိထား၊ အိတ်ကို ရှေ့လွယ်ထားလို့ သတိပေးခဲ့တာကြောင့် ရှိသမျှပစ္စည်းတွေ အကုန်ပါမသွားခဲ့တာ။”

ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသွားအမျိုးသမီးကလည်း “ခရေပင်လမ်းခွဲကနေ YBS 66 နဲ့ အိမ်ကိုအပြန် ကန်သာယာမှာ လူတွေတော်တော်များများ တက်လာကြပြီး ကျမဘေးနားကို ကောင်လေးက သူ့ထီးနဲ့ အတင်းတွေကွယ်နေတော့ သတိထားမိလိုက်တယ်။ အသက်၂ဝ ဝန်းကျင်အရွယ်ပဲ၊ ကျမအိတ်ကို ဓားနဲ့ခွဲနေတာ သိနေပေမဲ့ ဓားက ကျမဗိုက်ဘေးနားမှာဆိုတော့ မအော်ရဲဘူး” လို့ ပြောပါတယ်။

မတ်လ ၁၉ ရက် ညနေ ၃နာရီလောက်ကလည်း YBS ယာဉ်မောင်းတဦးက လှိုင်သာယာမှ တောင်ဒဂုံပြန်အဆင်း အင်းစိန် BPI မှတ်တိုင်အရောက်မှာ ခရီးသည်က ဖုန်းအနှိုက်ခံရလို့ ဖုန်းမရှိတော့ဘူး ပြောဆိုတာကြောင့် ကားသမားက ခရီးသည်တွေကို မှတ်တိုင်မှာ ဆင်းခွင့်မပြုဘဲ စစ်တပ်ဂိတ်တခုကို အပ်ခဲ့တယ်လို့လည်း သိရပါတယ်။

YBS ယာဉ်မောင်တဦးက“BPI မှတ်တိုင်ရောက်တော့ အမျိုးသား ၂ ဦးက တံခါးဖွင့်ဖို့ပြောတယ်။ ကျနော်က ခရီးသည်တယောက် ဖုန်းပျောက်သွားလို့ ဘယ်သူမှမဆင်းရဘူး ပြောပြီး ဖုန်းခေါ်လိုက်တာ သူတို့ဆီကနေ အသံမြည်လာတာ။ သူတို့ ၂ ယောက်က ပြေးဖို့ကြည့်နေတာ။ ၁ ယောက်ကလည်း ဓားထုတ်ပြီး တယောက်မှ အနားမကပ်နဲ့ဆိုပြီး ပြောတာ။ ကျနော့်ကားထဲမှာက ဝါးရင်းတုတ်ထားထားတော့ ဓားကိုင်ထားတဲ့လက်ကို တုတ်နဲ့ရိုက်ချပြီး ဝင်လုံးလိုက်တယ်။ ခရီးသည်တွေက ကူလုံးပေးတယ်။ ခရီးသည်ပေးတဲ့ ခါးပတ်နဲ့ သူတို့ကို လက်ပြန်ကြိုးတုပ်ပြီး ခရီးသည်တွေကို ရှေ့ကပေးတက်၊ ရှေ့ကပေးဆင်းတာမျိုး လုပ်ပြီး သမိုင်းလမ်းဆုံ မီးပွိုင့်ထိပ်က စစ်တပ်ဂိတ်ကို အပ်ခဲ့လိုက်တယ်” လို့ ပြောပါတယ်။

ယာဉ်မောင်းတွေအနေနဲ့လည်း ခါးပိုက်နှိုက်ကို ဖမ်းပေးရတာ အန္တရာယ်များပြီး အဖွဲ့တွေနဲ့ ဆိုတော့ လူမှတ်ထားတာမျိုး၊ ကားနံပါတ်မှတ်ထားပြီး အန္တရာယ်အပြုခံရတာမျိုးတွေ ကြုံရနိုင်တာကြောင့် ယာဉ်မောင်းတွေက ဖမ်းပေးကြတာမျိုး မလုပ်ဘူးလို့လည်း သိရပါတယ်။ YBS စီးတဲ့အခါမှာ အတတ်နိုင်ဆုံး ကိုယ့်ပစ္စည်းကို ဂရုစိုက်ကြပါလို့လည်း YBS ယာဉ်မောင်းက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း YBS ကို အားကိုးနေရတဲ့ ရန်ကုန်မြို့က ပြည်သူလူထုဟာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်ခံရမှုတွေ၊ အနုကြမ်းစီးခံရမှုတွေ ပိုမိုကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အခုလို အုပ်စုဖွဲ့ ခါးပိုက်နှိုက်၊ လုယက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံမှုမရှိတဲ့အပြင် ကျူးလွန်သူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကလည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013