DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ MOU ဖြင့် သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမား တလလျှင် ၁၀,၀၀၀ ကျော်ရှိ
DVB
·
March 31, 2023
ထိုင်းသို့ MOU ဖြင့် သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမား တလလျှင် ၁၀,၀၀၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်းနိုင်ငံဆီ MOU စနစ်နဲ့ တရားဝင်သွားရောက်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေက တလကို ပျမ်းမျှ ၁၀,၀၀၀ ကျော်ရှိတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ဆက်တွဲပြဿနာက ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ စီးပွားရေးလုပ်ငန်းတွေဟာ အားအင်ချည့်နဲ့ လာပါတယ်။

စီးပွားရေးလုပ်ငန်းတွေ ကောင်းမွန်စွာ လည်ပတ်နိုင်မှု မရှိတော့တဲ့ အကျိုးဆက်ကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးလာပြီး လူငယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပကို နည်းလမ်းပေါင်းစုံနဲ့ထွက်ပြီး ရရာအလုပ် လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဆီ တရားမဝင် သွားကြသူတွေရှိသလို MOU နဲ့ တရားဝင် သွားရောက်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေကလည်း တလကို ပျမ်းမျှ သောင်းဂဏန်းကျော် အထွက်ရှိတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဆိုပါတယ်။

“ထိုင်းနိုင်ငံဆီ အလုပ်သမားစေလွှတ်တဲ့ ပမာဏက ခန့်မှန်းခြေ သောင်းဂဏန်းကျော် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် မေလကစပြီးတော့ တလကို မြန်မာရွှေ့ပြောင်းအလုပ်သမား တသောင်းကျော်လောက် စေလွှတ်မှုရှိပါတယ်။ စေလွှတ်တဲ့နေရာမှာတော့ နှစ်နိုင်ငံဝန်ကြီးဌာနတွေရဲ့ စည်းကမ်းအတိုင်းပေါ့နော်။ EC စာချုပ်တွေ ချုပ်ဆိုပြီး အလှည့်ကျ စေလွှတ်ပေးနေပါတယ်။ ဒါပေမဲ့ တခုရှိတာက နိုင်ငံရေးအခြေအနေကြောင့် နယ်စပ်လမ်းကြောင်းကတဆင့် တရားဝင်စေလွှတ်တဲ့ လမ်းကြောင်းတွေမှာ တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ ဝန်ကြီးဌာနဘက်က ခေတ္တခဏယာယီ ရပ်ဆိုင်းထားဖို့ ညွှန်ကြားတာမျိုးတော့ ရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ ပြန်လည်စေလွှတ်ပေးနေပါပြီ။”

မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံက အလုပ်သမားဝန်ကြီးဌာနတို့အကြားမှာ MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာရွှေ့ပြောင်းအလုပ်သမား စေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာကစပြီး တရားဝင် စေလွှတ်ပေးခဲ့တာက ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၂၀ မတ်လ ၁၈ ရက်နေ့အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်း ပိတ်လိုက်ပြီးနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြားမှာ MOU နဲ့ တရားဝင်စေလွှတ်မှုကို  ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမတိုင်ခင်အထိ ရပ်နားခဲ့ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံဆီ MOU စနစ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင် ပြန်လည်စေလွှတ်မှု ရှိနေတဲ့အကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ဆိုပါတယ်။

“ကျနော်တို့ဘက်က အလုပ်သမားတွေကို စေလွှတ်တဲ့နေရာမှာ ထိုင်းနိုင်ငံဘက်က ခေါ်ယူတဲ့ အလုပ်ရှင်တွေရဲ့ နီးစပ်ရာဒေသအပေါ် မူတည်ပြီးတော့ တရားဝင်လမ်းကြောင်းကတဆင့် ပို့ဆောင်ပေးနေတာပါ။ ဘယ်လိုလဲဆိုတော့ တချို့အလုပ်ရှင်တွေက မြဝတီ၊ မဲဆောက်ဘက် အခြမ်းက လာကြိုပေးတယ်။ တချို့လည်း ကော့သောင်းဘက်အခြမ်းက လာကြိုကြတယ်။ ဒါက ဝန်ထမ်းတွေ သူလုပ်ရမယ့်နေရာကို အလုပ်ရှင်ဘက်က လာကြိုတဲ့သဘောပါ။ အခုကတော့ သူတို့ဆီမှာလည်း သင်္ကြန်ကာလ နီးနေပြီဆိုတော့ အလုပ်သမားအသစ် ခေါ်ယူတဲ့ အလုပ်ခေါ်စာ demand letter က သိပ်မဝင်သေးဘူး။ ပြီးတော့ ကျနော်တို့ဘက်မှာလည်း စာအုပ်သက်တမ်းတိုးအတွက် ပြင်ဆင်နေရတဲ့အပိုင်းတွေ ရှိနေတော့ အလုပ်သမားအသစ် စေလွှတ်နိုင်ဖို့က လောလောဆယ် နည်းနည်းနှေးကွေးနေတဲ့ သဘောတော့ ရှိတယ်။”

MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ တရားဝင်လာရောက်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုဟာ တနင်္သာရီ၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ကရင်နဲ့ မွန်ပြည်နယ်တို့က ထွက်လာကြတဲ့ လူငယ်တွေဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ အများဆုံး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013