DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်တွင် စစ်တပ်နှင့် SNA ပူးပေါင်းထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ
DVB
·
March 31, 2023
ဗန်းမောက်တွင် စစ်တပ်နှင့် SNA ပူးပေါင်းထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA) တွေ ပူးပေါင်းထိုးစစ်ဆင်နေတာကြောင့်  တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်၊ ပင်လည်ဘူး၊ ဟုမ္မလင်း လမ်းဆုံနေရာနဲ့ ကြောင်လည်ရွာပတ်ဝန်းကျင်ဒေသကို စစ်ကောင်စီနဲ့ SNA တပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

SNA နဲ့ ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသလို မတ်လ ဒုတိယပတ်လောက်က စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေပါ အင်အားဖြည့်တင်းကာ နေ့တိုင်း ထိတွေ့တိုက်ပွဲဖြစ်နေကာ လေကြောင်းပစ်ကူတွေပါ ပါဝင်လာတယ်လို့ ဆိုပါတယ်။

PDF နဲ့ နီးစပ်သူတဦးက “SNA နဲ့ ဖြစ်တာကတော့ တလလောက်ရှိလာပြီ။ ကိုယ်က နောက်ဆုတ်လိုက်၊ သူက နေရာယူလိုက်၊ ကိုယ်ကပြန်တိုက်လိုက်နဲ့ ဖြစ်နေတာ။ အခု လွန်ခဲ့တဲ့တပတ်လောက်က စတင်ပြီးတော့ စကစတွေနဲ့ပေါင်းပြီး သူတို့ဆုံးရှုံးလိုက်တဲ့ နေရာတွေကို အင်အားအများအပြားနဲ့ တိုက်ခိုက်နေတယ်။ လေကြောင်းနဲ့ကော ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာကိုကော၊ တိုက်ပွဲမရှိတဲ့နေရာတွေကိုကော ဗုံးကြဲတာ သုံးကြိမ်ရှိသွားပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မတ်လ ၂၄ ရက်က တကြိမ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သလို မတ်လ ၂၆ ရက်မှာလည်း ကြောင်လည်ပတ်ဝန်းကျင်မှာ သုံးနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ၂၉ ရက်နေ့မှာလည်း ၁၀ လုံးထက်မနည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ သိရပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ကြောင်လည်ဒေသဟာ အရင်က SNA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ဝက်ခန့်ကစတင်ပြီး ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည်ထိန်ချုပ်ခဲ့တာကြောင့် SNA နဲ့ စစ်ကောင်စီတပ်တွေအတွက် နယ်မြေစိုးမိုးရေးနဲ့ ရိက္ခာထောက်ပံ့ရေး အခက်အခဲဖြစ်တာကြောင့် အခုလို ပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမောက်မြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“နှစ်ဝက်လောက်ရှိပြီ၊ အဲဒီဘက်တကြောကို အရင်ကတော့ SNA စိုးမိုးတာပေါ့။ အဲဒါကို ပြန်သိမ်းပိုက်ထားတာ။ ကျနော်တို့ ထိန်းချုပ်ထားတာ ကြာလာတော့ သူတို့ နယ်မြေစိုးမိုးဖို့ ခက်တာ၊ ရိက္ခာလမ်းကြောင်းတွေ ပြတ်ကုန်တော့ အခုက စကစနဲ့ပေါင်းပြီး ပြန်တိုက်လာတာပါ။”

SNA နဲ့ လာရောက်ပူးပေါင်းတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းကို အယောင်ပြပြီး အနောက်ခြမ်းကို တိုက်ခိုက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှု များသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ကြောင်လည်ရွာအပြင် ကျေးရွာ ၃ ရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013