
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မတ်လ ၂၈ ရက်က စတင်ပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်နေလို့ ကျေးရွာ ၁၅ ရွာက ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို လက်ရှိမှာတော့ စားနပ်ရိက္ခာတွေ အဓိကလိုအပ်နေတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးက ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာ (နမခ) ကနေ ဘုတလင်ဘက်ကို ကားတွေနဲ့ အင်အားဖြည့်တင်းနေပြီး ဘုတလင်နယ်ထဲကနေတဆင့် ဒီပဲယင်းမြို့နယ် စိုင်ပြင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းလည်း ဖြစ်ပါတယ်။
ဒီပဲယင်းနဲ့ ရေဦးဘက်မှာ စစ်ကြောင်းတွေငြိမ်နေတာ ၂ လနီးပါးရှိပြီဖြစ်ပြီး အခု စစ်ကြောင်းပြန်ထိုးတဲ့အတွက် ရွာစုံကလူတွေ အကုန်ပြေးနေရကာ တချို့ကတော့ လွတ်မယ်ထင်တဲ့ နေရာတွေနဲ့ တောတွေထဲအပြင် ဘုန်းကြီးကျောင်းတွေမှာလည်း တကွဲတပြား ထွက်ပြေးနေရပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ လူကြီးပိုင်းတွေလည်း အများအပြားရှိတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ဘေးရှောင်တွေရှိတဲ့နေရာကို ဒီပဲယင်းနယ်ခံ ပကဖ၊ ပအဖ အဖွဲ့စည်းတွေက ကွင်းဆင်းကူညီနေသလို ရေဦး၊ ခင်ဦးဘက်က အဖွဲ့တွေလည်း ဝိုင်းကူညီပေးနေပေမဲ့ လူဦးရေက အရမ်းများလာတဲ့အတွက် အားလုံးကို မကူညီနိုင်ဘဲ လက်ရှိ စစ်ဘေးရှောင်တွေအတွက် ရိက္ခာအစုံ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေကို စစ်ကြောင်းနဲ့လွတ်မယ်လို့ ယူဆရတဲ့ နေရာတွေနဲ့ ၅ မိုင်အကွာမှာ ရှောင်ခိုင်းထားပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ကူညီပေးဖို့ကိုလည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းဘက်ကတော့ မတ်လ ၃၀ ရက် ညပိုင်းအထိ မကျည်းစောက်ကျေးရွာထဲကို မီးဝင်ရှို့နေသလို မတ်လ ၃၁ ရက် မနက်ပိုင်းမှာလည်း မကျည်းစောက်ကျေးရွာဘက်ကနေ ကြည်ရွာဘက်ကို ဦးတည်နေတယ်လို့လည်း သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အနောက်မြောက်ဘက်ပိုင်း လက်ပံချောင်းအုပ်စုကျေးရွာဘက်ကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းဝင်ရောက်လာပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ မတ်လ ၂၉ ရက် မနေ့မနက်ပိုင်းက စတင်ပြီး မြို့နယ်မြောက်ဘက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာဖြစ်တဲ့ ဆည်တောဦးရွာဘက်ကနေ မောက်လင်းရွာနဲ့ ချမ်းသာရွာဘက်ကို စတင် စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းကြောင့် မောက်လင်းရွာ၊ ချမ်းသာကြီးရွာ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး နေစရာအခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်ကြောင်းဖြန့်ဝင်တာ။ တခါတည်း အင်အားအလုံးအရင်းနဲ့ ဝင်တာမဟုတ်ဘူး။ စစ်ကြောင်းက လက်ပံချောင်းဘက်ကို ဦးတည်နေလို့ ဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်။ တချို့ကတော့ တောတောင်ထဲ၊ မြို့ပေါ်တွေ တက်ပြေးကြတာ။ ကျေးရွာ ၃ ရွာပေါင်း ဒေသခံ ၁ သောင်းလောက်ရှိမှာ။”
အဆိုပါ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား မနေ့ညနေပိုင်း ချမ်းသာကြီးရွာအနီးမှာ တကြိမ်၊ မတ်လ ၃၀ ရက် ဒီနေ့မနက် လက်ပံချောင်းရွာအနီးမှာ တကြိမ် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ ရွာခံတွေက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်တွေက ပြောဆိုထားတာ မတွေ့ရသေးပေမဲ့ ကလေး-လက်ပံချောင်း လမ်းပိုင်းကိုတော့ ဒေသခံ ခရီးသွားတွေအနေနဲ့ အသုံးမပြုကြဖို့ သတိပေးထားပါတယ်။