DVB Logo
Home
မြန်မာသတင်း
တပ်ခွဲ ၃ စခန်း စီးနင်းခံရပြီး ဗိုလ်ဆင်ရိုင်း ကျဆုံး၊ ကန့်ဘလူဒေသခံတဦးကို စစ်တပ်က ပစ်သတ်
DVB
·
March 31, 2023
တပ်ခွဲ ၃ စခန်း စီးနင်းခံရပြီး ဗိုလ်ဆင်ရိုင်း ကျဆုံး၊ ကန့်ဘလူဒေသခံတဦးကို စစ်တပ်က ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာအနီးမှာ အခြေစိုက်စခန်းလုပ်ထားတဲ့ စစ်ကိုင်းခရိုင်တပ်ရင်း-၁ ရဲ့ တပ်ခွဲ-၃ စခန်းကို မတ် ၃၀ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကို ဦးခေါင်းဖြတ် သတ်သွားတယ်လို့ မြောင်ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

မြောင်နယ်အတွင်းမှာ ဘီးလူးစစ်ကြောင်းလို့ အမည်‌ပေးထားတဲ့ စစ်ကောင်စီ တပ်မ ၉၉ စစ်ကြောင်းဟာ မြောင်မြို့နယ်အတွင်း ရက်ရှည် စစ်ကြောင်းထိုး လှုပ်ရှားနေတာလို့ ဆိုပါတယ်။

“စခတွေက မတ် ၂၉ ရက်နေ့က မန်းကျည်းပုတ်ရွာဘက်ကို သွားတယ်။ အဲဒီရွာကနေ လက်ယက်မရွာထဲကို ပြန်ဝင်ပြီး တပ်ဆွဲတယ်။ အဲရွာကနေ ဒီနေ့မနက် (မတ် ၃၀) ကျတော့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဆွဲလဲအိုရွာဘက် ထိုးလာတယ်။ နောက်စစ်ကြောင်းတကြောင်းက ကျောက်ရစ်စခန်းကနေ ထွက်လာတယ်။ စုစုပေါင်း ၃ ကြောင်းနဲ့ထိုးလာပြီး စခန်းကို ဝင်စီးခံလိုက်ရတယ်။ အဲလိုအစီးခံရပြီး ခုခံပစ်နေရင်း CDM ဗိုလ်ကြီးတဦးကို ပြန်ကယ်ရင်း ကျနော်တို့ဘက်က တပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ကျဆုံးသွားရတယ်ဗျာ” လို့ CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

စစ်ကောင်စီက သတ်ဖြတ်သွားတဲ့ တပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ရုပ်အလောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ပြန်လည်ကောက်ယူနိုင်ခဲ့ပေမဲ့ ဦးခေါင်းကိုတော့ စစ်ကောင်စီက ဖြတ်ပြီးယူသွားတာကြောင့် ခန္ဓာကိုယ်ပိုင်းသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုဘီလူးစစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်နဲ့ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲ နေ့စဉ်ဖြစ်နေတာကြောင့် ပြည်သူအများစု ‌စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်ကလည်း ကြာပင်လှရွာနဲ့ လက်ယက်မရွာကြားမှာ အဆိုပါစစ်ကြောင်းနဲ့  တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ အလယ်ခုံကျေးရွာက အသက် ၂၂ အရွယ် အမျိုးသားတဦးကို စစ်ကောင်စီစစ်ကြောင်းက မတ် ၃၀ ရက် မနက် ၆ နာရီဝန်းကျင်မှာ သေနတ်နဲ့ ပစ်သတ်သွားပြီး အသက် ၁၃ နှစ်အရွယ် ကလေးတဦးကိုလည်း လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

ကိုးတောင်ဘို့အထိုင် ခြေလျင်တပ်ရင်း ခလရ ၁၃၇ စစ်ကြောင်းက မတ် ၂၉ ရက်နေ့မှာ အလယ်ခုံကျေးရွာထဲ တပ်စွဲဝင်ရောက်လာပြီးနောက် စစ်ရှောင်တဲက ပြည်သူနှစ်ဦးကို ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

“လူမဆန်စွာ သတ်ဖြတ်သွားတဲ့ အနေအထားပါ။ စစ်ရှောင်တဲမှာရှိနေတဲ့ ပြည်သူတွေကို သတ်သွားတာ၊ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ နိုင့်ထက်စီးနင်း လက်နက်ကိုင်ပြီး လုပ်သွားတာ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

စစ်ကောင်စီတပ်က အလယ်ခုံကျေးရွာထဲ ဝင်ရောက်တပ်စွဲချိန်မှာ ရွာသားတွေ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်တဲမှာ တိမ်းရှောင်နေရချိန် စစ်ကြောင်းက တဲနားရောက်လာတာကြောင့် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးအား စစ်ကောင်စီစစ်ကြောင်းက မျက်နှာကိုတေ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးသွားပြီး ၁၃ နှစ်အရွယ် ကလေးကိုတော့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ရှောင်ကူညီပေးနေသူက ပြောပါတယ်။

အလယ်ခုံကျေးရွာမှာ အိမ်ခြေ ၄၁၈ အိမ်ရှိပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ၂၀၂၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလတွေအတွင်းမှာ နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် အပြစ်မဲ့ပြည်သူနေအိမ် ၁၇၀ အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ ကျေးရွာပေါင်း ၂၃ ရွာရှိပြီး ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ စစ်​ကြောင်းထိုးမီးရှို့မှုကြောင့် ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013