DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်နှင့် မြင်းမူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ထီးချိုင့်မြို့နယ် ညောင်ပင်သာရွာကို စစ်တပ်က မီးရှို့
DVB
·
March 30, 2023
ယင်းမာပင်နှင့် မြင်းမူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ထီးချိုင့်မြို့နယ် ညောင်ပင်သာရွာကို စစ်တပ်က မီးရှို့
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချစခန်းဖြစ်တဲ့ ဘန့်ဘွေးရွာမကျေးရွာကို မတ်လ ၃၀ ရက် ဒီနေ့မနက်အစောပိုင်း ၁ နာရီကစပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဘန့်ဘွေးရွာမအနီး ကံစုရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီ ဘန့်ဘွေးရွာမမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအများစုဟာ စားနပ်ရိက္ခာပြတ်တောက်နေတာကြောင့် အနီးအနားကျေးရွာကို စားနပ်ရိက္ခာ၊ ဆိုင်ကယ်နဲ့ ဖုန်း အပါအဝင် ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို လုယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီတပ်နဲ့ ပျူတွေကို မနေ့ညပိုင်း ၁ နာရီကစပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့စုံ လက်နက်ကြီးတွေနဲ့ တအိမ်းအိမ်းပစ်နေကြတာ။ မနက်ခင်း ၃ နာရီလောက်မှ ပစ်တဲ့အသံတွေ ရပ်သွားတယ်။ ဘာတွေဖြစ်ဦးမလဲတော့ မသိရသေးဘူး။ ကိုယ့်အထုပ်လေး ကိုယ်ပြင်ထားရတယ်။ စခတွေလာရင်တော့ ပြေးရမယ်” လို့ ကံစုရွာပြည်သူတဦးက ပြောပါတယ်။

လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ ဘန့်ဘွေးရွာမရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲတဲ့ မတ်လ ၁၈ ရက်ကလည်း နဘူးတောရွာက ထန်းတက်သမားတဦးကို သတ်ဖြတ်ခဲ့ပြီး ထန်တောတဲအတွင်းက ဆန်၊ ဆီနဲ့ ဖုန်း ၂ လုံး၊ ဆိုင်ကယ် ၂ စီးကို ယူဆောင်သွားတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“ဒီကောင်တွေ အနီးအနား ပြည်သူတွေရဲ့ရွာတွေကို ပတ်ပြီး အနိုင်ကျင့်တာတွေလုပ်တယ်။ နောက်ပြီး လမ်းသွားလမ်းလာတဲ့ ပြည်သူတွေကို ဖမ်းပြီး ဖုန်းသိမ်းတာတို့၊ ငွေတောင်းတာတို့၊ ပိုက်ဆံအိတ်လုတာတွေ နေ့စဉ်လုပ်နေတာတွေ ရှိတယ်။ အဲလို ပြည်သူ‌အပေါ် အနိုင်ကျင့်တာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်ခဲ့ရတာဗျ။ ပစ်တဲ့အဖွဲ့လည်း များသလို ပစ်တဲ့အလုံးအရေအတွက်လည်း များတယ်ဗျ။ (--)တွေရဲ့ အကျအဆုံးတော့ အတိအကျတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲ။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး” လို့ သခင်ဒေါင်းညိုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုပစ်ခတ်မှုကို သခင်ဒေါင်းညိုအဖွဲ့ အပါအဝင် ဆရာစံအဖွဲ့၊ ပုလဲဗိုလ်ဂဠုန်အဖွဲ့၊ ကိုဘသာအဖွဲ့နဲ့ ဒေသခံ Local အဖွဲ့တွေ ပူးပေါင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်လည်း စစ်ကိုင်းခြံမှ ဘိုးမင်းကျီးကင်းကျေးရွာစခန်းကို သွားတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကားတစီးကို People's Knight Defense Force Myinmu (PKDF - MMU) နဲ့ မဟာမိတ်အဖွဲ့တွေက မတ်လ ၂၉ ရက် ည ၉ နာရီ ၄၀ မိနစ်လောက်မှာ ၆ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PKDF - MMU က ပြောပါတယ်။

မြင်းမူမြို့နဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ၂ ကြိမ်၊ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ၄ ကြိမ် စုစုပေါင်း ၆ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့  PKDF - MMU က ပြောပါတယ်။

“သတင်းရထားလို့ စောင့်ပြီး မိုင်းဆွဲလိုက်တာ၊ ၁၃ ကောင် သေသွားတယ်၊ တချို့လည်း ဒဏ်ရာရသွားတယ်။ လက်ရှိကတော့ မြင်းမူမြို့နယ်ထဲက မုံရွာ-မန္တလေး ကားလမ်း​ဘေးမှာ ရှိတဲ့ ဘိုးမင်းကြီးကင်းမှာ တပ်စွဲထားဆဲပါပဲ။ တခါတလေ (--)တွေက လမ်းပေါ်တက်ပြီး ပိုက်ဆံတောင်းတာတွေလည်း ရှိတယ်။ ဖြည့်စွက်ပြောချင်တာကတော့ တော်လှန်ရေး အောင်မြင်မယ်ဆိုတာ ယုံကြည်ပါတယ်။ အောင်မြင်ဖို့အတွက်လည်း ကြိုးစားသွားမယ်။ မိုင်းတလုံးဖိုးတတ်နိုင်ရင် တလုံးနဲ့ခွဲမယ်။ များများငွေရှိရင် များများခွဲမယ်။ လမ်းခရီးမှာ မကျဆုံးခဲ့ရင် အရေးတော်ပုံ အောင်သည်ထိ တော်လှန်ရေး ဆက်လုပ်သွားပါ့မယ်” လို့ PKDF - MMU ပြန်ကြားရေးရဲဘော်တဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို People's knight Defense Force Myinmu (PKDF - MMU) နဲ့အတူ Dog Killers Defense Force Myinmu (DKPDF - MMU)၊ D.B.B.F - MMU စတဲ့ မဟာမိတ် အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ စစ်ဆင်ရေးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာတော့ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မတ်လ ၃၀ ရက် မနက် ၇ နာရီကစပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်အတွင်းကနေ ဖလပ်မော်တော်နဲ့ မတ်လ ၂၉ ရက် ညနေပိုင်းက မန္တလေးမြို့နယ် ကျွန်းကြီးရွာကို ရောက်ရှိလာပြီး ဒီနေ့မနက်ခင်းမှာ ညောင်ပင်သာရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သူတို့လာပြီဆိုတာနဲ့ ရွာထဲကလူတွေ ထွက်ပြေးရတယ်။ အဲလို ကျနော်တို့ ဒေသခံ‌ရွာသားတွေ ပြေးနေတဲ့ဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးငယ်တဦး သေဆုံးတယ်ဗျ။ အသက်အရွယ်ကတော့ ခန့်မှန်း ၁၄၊ ၁၅ နှစ်လောက်ရှိမယ်။ သူတို့ ရွာထဲဝင်ပြီး သိပ်မကြာဘူး ရွာကို မီးရှို့တော့တာပါပဲဗျာ။ သူတို့မီးရှို့တာကို တောင်ကုန်းပေါ်ကနေ ထိုင်ကြည့်နေရတဲ့ ဘဝပါပဲ။ ကျနော်တို့ပြည်သူတွေမှာ ဘာအပြစ်မှမရှိဘဲနဲ့ကို ရွာကိုမီးရှို့ကြတာပါ။ မြေပြင်တိုက်ပွဲလည်း မဖြစ်ဘူး။ သူတို့ ရှို့ချင်လို့ကို ရှို့ကြတာ” လို့ ညောင်ပင်သာရွာ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ ညောင်ပင်သာကျေးရွာအတွင်းက မထွက်သေးတာကြောင့် မီးလောင်ဆုံးရှုံးတဲ့ အိမ်အရေအတွက်ကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခု စစ်ကောင်စီတပ်မီးရှို့တဲ့ ညောင်ပင်သာကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာနေအိမ်တွေ မီးရှို့ခံရတာကို PDF နဲ့ KIA တွေလုပ်တာလို့ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေက မီဒီယာတွေကို လိမ်လည်ဖြေကြားပြီး မြေပြင်သတင်းအမှန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကသာ ပြုလုပ်တာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013