DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် ဆင် ၁၈ ကောင် သေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၄ ဦးကို ဖမ်းဆီး
DVB
·
September 9, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကင်ညာနိုင်ငံ အမ်ဘိုဆယ်လီ ဂေဟာနယ်မြေအတွင်း ဆင် ၁၈ ကောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူ ၄ ယောက်ကို ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် ဒီအမှုနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ဓာတုပစ္စည်းတချို့ အပါအဝင် ပစ္စည်းမျိုးစုံ ကိုလည်း သိမ်းဆည်းရမိထားပါတယ်။

သေဆုံးသွားတဲ့ ဆင်တွေထဲက ပထမဆုံး စစ်ဆေးခဲ့တဲ့ ၁ဝ ကောင်ရဲ့ နမူနာတွေထဲမှာ ၆ ကောင်မှာ ဆိုက်ယာနိုက်ဒ်အဆိပ်တွေ့ရတယ်လို့ အမ်ဘိုဆယ်လီ ဂေဟာနယ်မြေတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဂီးလ်ဘတ် ရော့ပ်က ပြောပါတယ်။

ဒီနမူနာတွေကို နိုင်ရိုဘီတက္ကသိုလ်နဲ့ အစိုးရ ဓာတုဗေဒဌာန အပါအဝင် လွတ်လပ်တဲ့ ဓာတ်ခွဲခန်း တွေမှာ စစ်ဆေးခဲ့တာပါ။

ဒီလို ဆင်တွေ သေဆုံးမှုဟာ အမ်ဘိုဆယ်လီ အမျိုးသားဥယျာဉ် ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ လူနဲ့ တောရိုင်းတိရစ္ဆာန်ကြား အငြင်းပွားမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

အကြောင်းကတော့ စိုက်ပျိုးမြေတွေ တိုးချဲ့လာတာနဲ့ တောရိုင်းတိရစ္ဆာန်တွေ သွားလာရာ လမ်းကြောင်းတွေက တနေရာတည်း ထပ်ပြီး ကျနေလို့ပါ။ လယ်သမားတွေကလည်း ဆင်တွေဟာ စိုက်ခင်းတွေထဲ ဝင်ရောက် ဖျက်ဆီးတဲ့အကြောင်း မကြာခဏ တိုင်ကြားလေ့ရှိပါတယ်။

“ဒေသခံအသိုက်အဝိုင်းရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပေါ် ထားရှိတဲ့ အယူအဆနဲ့ သဘောထားက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ လူနဲ့ တောရိုင်းတိရစ္ဆာန် ပဋိပက္ခကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ နောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုးကိုတော့ ဒေသခံတွေပဲ ခံနေကြရတာပါ” လို့ ရော့ပ်က ပြောပါတယ်။

ပထမဆုံး သေဆုံးခဲ့တဲ့ ဆင် ၁၅ ကောင်ကိုတော့ ဇွန် ၂၄ ရက်နဲ့ ဇူလိုင် ၂၄ ရက်ကြား အမ်ဘိုဆယ်လီ အမျိုးသားဥယျာဉ်၊ ကီမာနာ ဘေးမဲ့တောနဲ့ ကူကူ ခြံဝင်းတို့မှာ တွေ့ရှိခဲ့တာပါ။

ထိခိုက်သွားတဲ့ ဆင်တွေဟာ မသေဆုံးခင်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ လေဖြတ်တဲ့ လက္ခဏာ တွေ ပြသခဲ့တယ်လို့ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဒီလို ဆုံးရှုံးမှုဟာ အမ်ဘိုဆယ်လီနဲ့ ကီလီမန်ဂျာရို အနောက်ဘက် ဒေသကြား သွားလာနေထိုင်ကြတဲ့ ဆင်ကောင်ရေ ၂,၁၀၀ လောက်ရှိတဲ့ ဒီဂေဟာနယ်မြေအတွက် ကြီးမားတဲ့ ထိခိုက်မှုဖြစ်တယ်လို့ ရော့ပ်က ပြောပါတယ်။

“ဆင် ၁၈ ကောင်အထိ သေဆုံးခဲ့ရတဲ့ ဒီလို ပမာဏအမြောက်အမြား ဆုံးရှုံးရတာဟာ ဒီဂေဟာ နယ်မြေအတွင်းရှိ ဆင်ကောင်အရေအတွက် ထိုးနှက်ချက်တခုပါပဲ” လို့လည်း ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013