DVB Logo
Home
မြန်မာသတင်း
ရွှေကူ အရပ်သား ၃၀ ကျော်ကို စစ်တပ်ကဖမ်းဆီး၊ ကချင်နှင့် စစ်ကိုင်းတိုင်း ဒေသအချို့တွင် ဆက်သွယ်ရေး၊ လျှပ်စစ်မီးများ ပြတ်တောက်
DVB
·
March 30, 2023
ရွှေကူ အရပ်သား ၃၀ ကျော်ကို စစ်တပ်ကဖမ်းဆီး၊ ကချင်နှင့် စစ်ကိုင်းတိုင်း ဒေသအချို့တွင် ဆက်သွယ်ရေး၊ လျှပ်စစ်မီးများ ပြတ်တောက်
1 / 3
Donate to DVB

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ မတ် ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စီမူကြီးကျေးရွာနဲ့ စီမူလေးကျေးရွာကြား တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ အမျိုးသား ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

“'မနက် ၆ နာရီလောက်က နှစ်ဖက် တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်တဲ့နားက ကျေးရွာတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတယ်။ အခု အဖမ်းခံရတာက တိုက်ပွဲဖြစ်ပြီးချိန် ရွာထဲ ကျွဲ၊ နွား အခြေအနေကို လာကြည့်ရင်း စစ်ကြောင်းနဲ့ တိုးပြီး အဖမ်းခံရတာ။ အမျိုးသားတွေချည် အားလုံးပေါင်း အယောက် ၃၀ ကျော်လောက် အဖမ်းခံထားရတယ်” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေဖြစ်တဲ့ နန့်လန်၊ နောင်လတ်ကြီးနဲ့ ဝင်ဝ စတဲ့ ကျေးရွာတွေက ဒေသခံ အမျိုးသား ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ မတ် ၂၃ ရက်နေ့က စတင်ကာ ၄ ကြိမ်ထက်မနည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး နေရာတချို့မှာ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က ရွှေကူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ PDF တို့ နှစ်ဖက်ထိ‌တွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မတ် ၂၉ ရက်နေ့ထိ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

“၂၆၊ ၂၇ ရက်နေ့ကတည်းက မီးစဖြတ်ထားတယ်။ ဒီနေ့လည်း မီးမလာသေးဘူး၊ ရွှေကူတမြို့နယ်လုံးပဲ၊ ရွာတွေလည်း မလာဘူး။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း ဖြတ်ထားတယ်။ ဖုန်းလိုင်းကတော့ တချက် တချက်ရတယ် ဖုန်းပြောလို့၊ နည်းနည်းကြာရင် လိုင်းကျသွားတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ရွှေကူမြို့နယ်မှာ စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားပေမယ့် ဗန်းမော်မြို့နယ်မှာတော့ လျှပ်စစ်မီး ပုံမှန်လာတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ အင်းတော်၊ ဗန်းမောက် ဘက်တွေမှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ PDF မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဖုန်းလိုင်း အင်တာနက်လိုင်းများ နေရာကွက် ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗန်းမောက်မှာ စစ်တပ်နဲ့ သူ့နောက်လိုက် SNA နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတယ်။ စစ်တပ်ဘက်က ‌လေယာဉ်နဲ့ပါ ဗုံးကြဲတယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်လိုက်ပြီ၊ ဖုန်းလည်း ဆက်မရတော့ဘူး။ အင်တာနက်လိုင်းကတော့ မရတာကြာပါပြီ၊ လိုင်းရတဲ့နေရာ သွားသွားသုံးရတယ်။ ဒါတောင် အရူးလင်လုပ်ရသလို ပြတ်တောင်းပြတ်တောင်းနဲ့” လို့ တော်လှန်ရေးနဲ့နီးစပ်သူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်မှာလည်း ဆက်သွယ်ရေး ဖုန်းလိုင်းတွေ တချို့နေရာတွေမှာရပြီး တချို့နေရာကွက် ဖြတ်တောက်ထားကြောင်း၊ ဆက်သွယ်ရေးလိုင်းတွေ မကောင်းပါက သတိထားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013