DVB Logo
Home
မြန်မာသတင်း
ရေဖြူမြို့နယ်၌ လက်ထောက်ကြီးကြပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ၊ ကော့သောင်း၌ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး အသတ်ခံရပြီး လက်နက်များ သိမ်းဆည်းရမိ
DVB
·
March 29, 2023
ရေဖြူမြို့နယ်၌ လက်ထောက်ကြီးကြပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ၊ ကော့သောင်း၌ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး အသတ်ခံရပြီး လက်နက်များ သိမ်းဆည်းရမိ
Donate to DVB

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးက လက်ထောက်ကြီးကြပ်ရေးမှူး အသက် ၄၇ အရွယ်ရှိ ဦးအေးလွင်ဟာ ရေဖြူမြို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ ကျောက်ကညှာရွာမှာ မတ်လ ၂၇ ရက် နေ့လယ် ၁ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ကျောက်ကညှာရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ဆိုင်ကယ်မောင်းပြီး ပြန်လာစဉ် ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေဖြူမြို့ခံတဦးက “မနေ့က ၁ နာရီခွဲလောက် ရေဖြူတံတားအကျော်ဘက်ကနေ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ ပြီးမှ ကျေးလက်ရုံးက ဝန်ထမ်းတယောက် ပစ်သတ်ခံရတာလို့ သိရတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ဦးအေးလွင်ဟာ နောက်ကျောနဲ့ ဆီးခုံနေရာတွေမှာ သေနတ်ဒဏ်ရာ ၃ ချက်ရပြီး ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်စဉ် သေဆုံးသွားတာ ဖြစ်ပါတယ်။

ဦးအေးလွင်ဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးမှာ ယာဉ်မောင်းအဖြစ် စတင်တာဝန်ထမ်းဆောင်ကာ  လက်ထောက်ကြီးကြပ်ရေးမှူးရာထူး တိုးပေးခံထားရသူ ဖြစ်ပြီး စစ်ကောင်စီနဲ့နီးစပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ကြောင်း မြို့ခံတွေဆီက သိရပါတယ်။

အခုပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်တာမျိုး မတ်လ ၂၈ ရက် ညနေပိုင်းအထိ မတွေ့ရသေးပါဘူး။

ရေဖြူမြို့မှာ မတ်လအတွင်း ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံး ၄ ရုံး တိုက်ခိုက်ခံရပြီး လဝကရုံးနဲ့ နတလရုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

တနင်္သာရီတိုင်း ကော့သောင်းခရိုင်၊ ကရသူရိမြို့နယ်မှာတော့ မသေကျေးရွာအုပ်စု၊ ဝါးကျွန်းကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဘုတ်ပြင်းနဲ့ ကော့သောင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ဆိုသူ နှစ်ယောက်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၂၇ ရက် မနက် ၂ နာရီလောက်မှာ နေအိမ်မှာ သွားရောက်ရှင်းလင်းခဲ့ပြီး လက်နက်တွေ သိမ်းဆည်းကာ ပြည်သူ့ကာကွယ်‌‌ရေးပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သွားရောက်ပစ်ခတ်တဲ့အခါမှာ သူတို့နှစ်ယောက်ပဲ ရှိတယ်။ ပစ်ခတ်ရှင်းလင်းပြီးတာနဲ့ ထိခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်တယ်။ ပြီးတော့ လက်နက်ပစ္စည်း သိမ်းဆည်းရမိခဲ့တာတော့ များတယ်” လို့ ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေကတော့ AK-47 ၄ လက်၊ M-16 ၁လက်၊ ကျည်ဘောက် ၁၆ ခု၊ ကျည် ၅၂၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံးနဲ့ ဓားရှည် ၂ ချောင်း၊ equipment ၁ စုံ၊ လက်ထိပ် ၂ စုံ၊ ဓာတ်မီး ၁ လုံးနဲ့ ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကော့သောင်းမြို့က ပျူစောထီးအဖွဲ့ခေါင်းဆောင်ဆိုသူ ၁ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းပစ်ခတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013