
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကြူသာရွာနဲ့ ကံသာရွာကြားရှိ ရွှေတွင်းတူးတောမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုကျော်လင်းဟာ မတ်လ ၂၈ ရက် ညနေပိုင်းက မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ၄၀ မမဗုံးသီးတလုံးကို ထိခိုက်မိရာကနေ ပေါက်ကွဲသေဆုံးခဲ့ပြီး အနီးရှိ အမျိုးသားတဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ကိုကျော်လင်း ထိခိုက်မိတဲ့ ၄၀ မမ ဗုံးသီးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ဗုံးသီးစစ်မှန်ကြောင်း၊ မိမိတို့တပ်ဖွဲ့ဝင်တွေရဲ့ ဗုံးသီးမဟုတ်ကြောင်း YRA ရဲ့ ဗျူဟာမှူး သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
“အခင်းဖြစ်ပွားရာနေရာကို ကျနော်တို့ရဲဘော်တွေ သွားရောက်စစ်ဆေးခဲ့တယ်။ ကျနော့်တပ်ဖွဲ့ဝင်တွေ သုံးစွဲတဲ့ ဗုံးသီး မဟုတ်ဘူး။ သေဆုံးသွားတဲ့ ကိုကျော်လင်းက ယာတောထဲမှာ အမှိုက်ခုတ်နေရင်း ဗုံးသီးကို ထိခိုက်မိတာကနေ ဆုံးသွားတာ။ သူနဲ့အတူ တောင်ယာလုပ်နေတဲ့ တောင်သူတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူး။”
အဲဒီ ကြူသာကျေးရွာနဲ့ ကံသာကျေးရွာဘက်ကို မနှစ် နိုဝင်ဘာလဆန်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးရာကနေ မိမိတို့ ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မိမိတို့တပ်ဖွဲ့ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာကနေ ကျန်ရှိခဲ့တဲ့မိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလကလည်း ထီးလင်းနယ်မှာပဲ တောင်ယာလုပ်ကိုင်နေတဲ့ အမျိုးသားတဦး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ထိခိုက်မိရာကနေ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ထီးလင်းနယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေ၊ တိုက်ပွဲဖြစ်ပွားဖူးတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်နေလို့ မကြေညာသေးသရွေ့ ဝင်ရောက်နေထိုင်ခြင်း မပြုလုပ်ကြဖို့နဲ့ မိမိပတ်ဝန်းကျင်မှာ လက်နက်ခဲယမ်း အကြွင်းအကျန်တွေ တွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံးသတင်းပို့ကြဖို့ ဒေသခံပြည်သူတွေကို YRA ရဲဘော် ဗိုလ်ယောနိုင်က ပြောပါတယ်။
ဓာတ်ပုံ-Maung Kaung(ပေးပို့)