DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် တရားမဝင် မြန်မာလုပ်သား ၁၁ ဦး ဖမ်းဆီးခံရ
DVB
·
March 29, 2023
အယုဒ္ဓယတွင် ကားအတွင်း ပုန်းအောင်းလိုက်ပါလာသည့် တရားမဝင် မြန်မာလုပ်သား ၁၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင် အာရှလမ်းမကြီးပေါ်က မသင်္ကာဖွယ် ကား ၁ စီး နောက်ကို တာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးရာမှာ ကားပေါ်မှာ ပုန်းအောင်းလိုက်ပါလာတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို တွေ့ရှိတယ်လို့ Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၂၈ ရက်က အယုဒ္ဓယခရိုင် ရဲတပ်ဖွဲ့ဝင်တွေဟာ အဝေးပြေးလမ်းမပေါ်မှာ တာဝန်ထမ်းဆောင်နေစဉ် လေးလံတဲ့ပစ္စည်း တင်ဆောင်လာပုံရတဲ့ အနက်ရောင်တိုယိုတာ ဟိုင်းလပ်စ်ကား ၁ စီး မောင်းဝင်လာတာ မြင်တွေ့ရပြီး ကားနောက်ခန်းမှာ ဘာမှတင်ဆောင်လာတာမတွေ့လို့ မသင်္ကာတာနဲ့ စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့် မောင်းပြေးသွားလို့ နောက်က ရဲကားနဲ့ လိုက်ဖမ်းခဲ့ကြောင်း၊ ဘန်ဘအင်မြို့နယ် ခလောင်းကျစ်ရပ်ကွက် ကီလိုမီတာအမှတ် ၄ နဲ့ ၅ ကြားမှာ အဆိုပါကားကို မီလာပြီး စစ်ဆေးရာမှာ ကားရှေ့ ၂ ခန်းထဲမှာ ညှပ်ပိတ်ပြီး လိုက်ပါလာတဲ့ မြန်မာအမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၁ ဦးကို တွေ့ရှိတာလို့ ဆိုပါတယ်။

သူတို့တွေမှာ မှတ်ပုံတင်အထောက်အထား တစုံတရာမရှိဘဲ ထိုင်းနိုင်ငံထဲကို မဲဆောက် တောလမ်းကနေ ဝင်ရောက်လာပြီး ဘန်ကောက်နဲ့ အနီးတဝိုက်မှာ အလုပ်သွားလုပ်ဖို့ လိုက်လာတာလို့ ဆိုပါတယ်။

ယာဉ်မောင်းသမားမှာ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းထာဝွန်းရှဲ့ဟေ့ဖြစ်ပြီး အဆိုပါ အလုပ်သမားတွေကို တာ့ခ်မြို့ကနေ ဘန်ကောက်ကို ပို့ပေးဖို့ နိုင်းဆင်းဆိုသူက ဆက်သွယ်လာတာလို့ ဆိုပါတယ်။

ပို့ခအဖြစ် ၁ ဦးကို ဘတ် ၁,၅၀၀ စီ ရမှာဖြစ်ပြီး အရင်ကလည်း အခုလို တရားမဝင် လူသယ်ဆောင်မှု ၂ ကြိမ်လုပ်ခဲ့ဖူးတယ်လို့ ဝန်ခံသွားပါတယ်။

အဆိုပါ တရားမဝင်လုပ်သားတွေကတော့ ပွဲစားကို ၁ ဦး ဘတ် ၁၇,၀၀၀ ကနေ ၂၂,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ယာဉ်မောင်းကိုရော၊ တရားမဝင် ဝင်လာသူ ၁၁ ဦးလုံးကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ ဘန်ပအင်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013