စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေ နှောင့်နှေးနေချိန်မှာ အချိန်မကျန်တော့ဘူး (clock is ticking) လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို ထပ်မံသတိပေးလိုက်ပါတယ်။
“သူတို့ မြန်မြန်လုပ်တာ ကောင်းလိမ့်မယ်။ မြန်မြန်။ ဒီလိုမှမဟုတ်ရင် ဘာမှ ကျန်မှာမဟုတ်တော့ဘူး။ ... အချိန်က အရေးအကြီးဆုံးပဲ” လို့ ထရမ့်ပ်က သူပိုင်တဲ့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။
မေ ၁၇ ရက်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဆွေးနွေးဖို့ ရှိနေချိန်မှာ အခုလို သတိပေးခဲ့တာပါ။
အမေရိကန်ဘက်က အလျှော့မပေးရင် ဆွေးနွေးပွဲတွေ ရှေ့ဆက်မတိုးနိုင်ဘူးလို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။
အီရန်က စစ်ပွဲတွေ ချက်ချင်းရပ်ဖို့၊ အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့နဲ့ စစ်လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။
ဝါရှင်တန်ဘက်ကလည်း အီရန်ရဲ့ နျူကလီးယားစက်ရုံ တရုံသာ ထားရှိဖို့နဲ့ ယူရေနီယံသိုက်တွေကို အမေရိကန်ထံ လွှဲပြောင်းပေးဖို့ အပါအဝင် အချက် ၅ ချက်ကို ပြန်လည်တောင်းဆိုထားပါတယ်။
ဒါပေမဲ့ နျူကလီးယားအစီအစဉ် အလုံးစုံရပ်မဲ့အစား နှစ် ၂၀ ရပ်မယ် ဆိုရင်လည်း လက်ခံနိုင်ဖွယ် ရှိတယ်လို့ မေ ၁၅ ရက်မှာ ထရမ့်ပ်က အရိပ်အမြွက် ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့တာပါ။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားပြီး အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားတဲ့အတွက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးနေပေမဲ့ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေ ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ပါတယ်။
Source: Reuters










