DVB Logo
Home
မြန်မာသတင်း
ညမထွက်ရအမိန့်ကြောင့် ကလေးမြို့က မီးခွက်ဈေးသည်များ စားဝတ်နေရေး ရုန်းကန်နေရ
DVB
·
March 29, 2023
ညမထွက်ရအမိန့်ကြောင့် ကလေးမြို့က မီးခွက်ဈေးသည်များ စားဝတ်နေရေး ရုန်းကန်နေရ
1 / 11
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့က မီးခွက်ဈေးသည်တွေဟာ စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေကြားမှာ စားဝတ်နေရေးအတွက် အရောင်းအဝယ်ပြုလုပ်နေရတာ အခက်တွေ့နေတယ်လို့ ဈေးရောင်းသူ‌တွေနဲ့ ဝယ်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ စစ်ကောင်စီက ည ၈ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။

ကလေးမြို့ရဲ့ မီးခွက်ဈေးလို့ လူသိများကြတဲ့ ဈေးရောင်းဈေးဝယ်တွေ အလွန်စည်ကားတဲ့ အဲဒီဈေးဟာ ညသန်းခေါင်ယံအချိန် မနက် ၂ နာရီမှ မနက် ၆ နာရီထိ ရောင်းချတဲ့ဈေးဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဈေးရောင်းဈေးဝယ်တွေ ပါးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဆိုပါမီးခွက်ဈေးမှာ အသီးအရွက်၊ အသားငါး အခြောက်ခြမ်းမျိုးစုံနဲ့ ဘုရားပန်း စတဲ့ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံကို ဝယ်ယူရောင်းချ‌ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားတာရှိတော့ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိပေမဲ့လည်း မိသားစုစားဝတ်နေရေးအတွက် မီးခွက်ဈေးမှာ ရောင်းချလုပ်ကိုင်နေရတာလို့ တို့ဟူးကျိုလုပ်ငန်းကို ၇ နှစ်ကျော် လုပ်ကိုင်နေတဲ့ ‌တို့ဟူးရောင်းတဲ့ ဈေးသည်အမျိုးသမီးတဦးက ပြောပါတယ်။

“တို့ဟူးရောင်းလာတာ ၇ နှစ်ကျော်ပြီ။ ပွဲလမ်းသဘင်တွေ နည်းလာတော့ တို့ဟူးရောင်းအားတော့ နည်းသွားတယ်။ ခေတ်‌တွေကောင်းတဲ့အချိန်ကတော့ ဘုရားပွဲ၊ အလှူပွဲတွေဆို ဖောက်သည် မှာတာတွေ များတယ်။ အခုတော့ နယ်ဘက်ကို ပြန်ရောင်းတဲ့ ဈေးဝယ်သမားတွေကို ဖောက်သည်နှုန်းနဲ့ အဓိကထား ရောင်းချနေရတယ်။”

မီးခွက်ဈေးမှာ ဈေးဝယ်ယူရောင်းချတာတွေဟာ အများအားဖြင့် မြို့ပေါ်မှာ ဖောက်သည်ဈေးနှုန်းနဲ့ ဝယ်ယူကြရပြီး ကျေးရွာတွေဘက်မှာ ပြန်လည်ရောင်းချကြတာပါ။

စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေကြောင့် ဈေးဝယ်ယူရောင်းချလို့ မရတော့တဲ့အတွက် မိသားစုစားဝတ်နေရေး အခက်တွေ့နေတယ်လို့ ဈေးရောင်းရပ်နားလိုက်ရတဲ့ ‌ကုန်စိမ်းရောင်းတာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ တင်သားကျေးရွာမှ ကုန်စိမ်းရောင်းချတဲ့ အမျိုးသားတဦးက ပြောပါတယ်။

“အစ်ကိုတို့က တင်သားဘက်ကဆိုတော့ ကလေးမြို့နဲ့က မိုင် ၄၀ လောက် ဝေးတယ်လေ။ ဒါဆိုတော့ ဈေးဝယ်သူတွေစုပြီး ညကို ကားနဲ့‌သွားကြရတာ။ မနက်ဆို ၄ နာရီလောက် ပြန်ရတာ။ ညမထွက်ရအမိန့်နဲ့ဆိုတော့ အလုပ်လုပ်ဖို့ အဆင်မပြေဘူး။ ဈေးမရောင်းရတာ ၂ နှစ်ကျော်ပြီ။ မိရိုးဖလာ ကုန်စိမ်းရောင်းလာတာဆိုတော့ လက်ရှိမှာတော့ ငွေရေးကြေးရေးက ကျပ်တည်းတယ်။”

ကလေးမြို့နယ်တောင်ပိုင်းက ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ ညမထွက်ရအမိန့်တွေနဲ့ ရံဖန်ရံခါ ဒေသတွင်း တိုက်ပွဲတွေကြောင့် ဈေးရောင်းတာတွေကို ရပ်နားထားကြရပါတယ်။

ကုန်‌ဈေးနှုန်းကြီးမြင့်တာ‌ကတကြောင်း၊ ဈေးဝယ်ယူရောင်းချရတာ အရင်ကလို လွတ်လပ်စွာ ဝယ်ယူရောင်းချလို့ မရတာကြောင့် ဈေးရောင်းရတာ အခက်တွေ့နေတယ်လို့ ကုန်စိမ်းရောင်းသူတဦးက ပြောပါတယ်။

“အစ်ကိုတို့ရွာတွေက မြို့နဲ့နီးပြီး စစ်ဆေးရေးဂိတ်ကို ကွင်းလမ်းလည်းရှိတော့ ဈေးဝယ်လို့တော့ ရတယ်။ သူတို့က ညမထွက်ရအမိန့် ထုတ်ထားတော့လည်း စိုးရိမ်မှုတော့ ရှိတာပေါ့။ တခါတရံ တိုက်ပွဲတွေရှိတဲ့အခါတော့ ဝယ်ယူရောင်းချလို့ မရဘူး။ ကုန်ဈေးနှုန်းကလည်း ကြီးတော့ အစ်ကိုတို့ ပြန်ရောင်းရတာလည်း သိပ်အဆင်မပြေဘူး။”

ကလေးမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်ပွားလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013