
ရေကြီးရေလျှံမှုဖြစ်နေတဲ့ နေပြည်တော်၊ ဒက္ခိဏသီရိနဲ့ ဇဗ္ဗူသီရိမြို့နယ်မှာ လူငယ်တယောက် ဓာတ်လိုက်သေဆုံးခဲ့ပြီး နေအိမ်အများအပြား ရေနစ်မြုပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဆီက သိရပါတယ်။
ဇူလိုင် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ ကျဆင်းလာကာ ရေကြီးရေလျှံ ဖြစ်ပေါ်နေတဲ့ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာမှာ နေအိမ်ထဲ ရေဝင်တဲ့အချိန် ပစ္စည်းတွေ ရွှေ့ပြောင်းရင်း ရေစိုဝတ်နဲ့ ဖုန်းအားသွင်းလိုက်တာကြောင့် အသက် ၁၄ နှစ်ဝန်းကျင်အရွယ် လူငယ်တယောက် ဓာတ်လိုက်သေဆုံးခဲ့ပြီး ဇမ္ဗူသီရိမြို့မှာလည်း နေအိမ် အများအပြား ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “လူတွေကို ပြောင်းရွှေ့နေတုန်း ကောင်လေးက ဓာတ်လိုက်တာလို့ သိရတယ်။ ရေနစ်မြုပ်တာက ဇဗ္ဗူသီရိဘက်က မြေနိမ့်ပိုင်းနေရာတွေ မြုပ်နေတာ” လို့ ပြောပါတယ်။
ရေကြီးနေတာကြောင့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှာရှိတဲ့ ငဝန်လမ်း၊ စိန်ပန်းပြာလမ်း၊ ရွှေလီလမ်းနဲ့ ပမ္ပဝတီလမ်းတွေက အိမ်တွေထဲထိ ရေဝင်ရောက်ကာ နစ်မြုပ်နေတယ်လို့ သိရပါတယ်။
ဇဗ္ဗူသီရိမြို့နယ် ဒေသခံတယောက်က “ဒီ ၂၄ ရက် မနက်ပိုင်းမှာတော့ မိုးနည်းနေတယ်။ ရေက သိပ်မကျသေးပါဘူး။ ဗေဗေ့မောင်ဆည်ကလာတဲ့ ရေနုတ်မြောင်းကလည်း ရေလျှံမှုဖြစ်နေတယ်” လို့ ပြောပါတယ်။
နေအိမ်တွေထဲကို ရေဝင်ရောက်နေလို့ ဒက္ခိဏခရိုင် မီးသတ်စခန်း၊ ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်းနဲ့ ရွှေကြာပင်နယ်မြေ မီးသတ်စခန်းတို့က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ ကူညီရွှေ့ပြောင်းပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။
ရေကြီးနေတဲ့ ဇဗ္ဗူသီရိမြို့နယ်က အခြေခံပညာကျောင်းတွေထဲမှာ ရေဝင်တာတွေ၊ ကျောင်းသွားတဲ့ လမ်းတလျှောက် လမ်းရေမြုပ်တာတွေကြောင့် အခြေခံပညာအထက်တန်းကျောင်း တကျောင်းကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ မုတ်သုံလေအားကောင်းတာ၊ လေထု မငြိမ်တာတွေကြောင့် ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၂ ရက်အထိ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ နေရာကွက်ပြီး မိုးကြီးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။











