DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ်၌ ဘီယာဆိုင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး နယ်ထိန်း ၁ ဦး‌ သေဆုံး
DVB
·
March 28, 2023
ကဝမြို့နယ်၌ ဘီယာဆိုင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး နယ်ထိန်း ၁ ဦး‌ သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ညကင်းလှည့်ပြီး ဘီယာဆိုင်မှာနားနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး နယ်ထိန်း ၁ ဦး‌ သေဆုံးကာ  စခန်းမှူးအပါအဝင် ၄ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ပဲခူး PDF က ပြောပါတယ်။

ကဝမြို့နယ်၊ အုန်းနှဲကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းမြင့် ပိုင်ဆိုင်တဲ့ အာကာမိုးစားသောက်ဆိုင်ရှေ့မှာ ညကင်းလှည့်ပြီး နားနေတဲ့ အုန်းနှဲရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ကဝမြို့နယ် ပ.က.ဖ က မတ် ၂၆ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံပစ်ခတ်ခဲ့လို့ ထိတွေ့တိုက်ပွဲ ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်ဦးမှုရယူ အသာစီးတိုက်ခိုက်နိုင်လို့ ရဲတပ်ဖွဲ့ဝင်တွေ ကြာရှည်မခုခံနိုင်ဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

အဆိုပါ လှည့်ကင်းတိုက်ခိုက်မှုမှာ အုန်းနှဲရဲစခန်းက နယ်ထိန်း နိုင်ဦး (ခ) ပြောင်ကြီး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သေဆုံးထိခိုက်သူတွေကို အုန်းနှဲတိုက်နယ်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

ကဝမြို့နယ်၊ သက္ကလမြို့၊ ရွှေပြည်အေးရပ်ကွက်၊ သက္ကလရဲစခန်းရှေ့မှာလည်း ကဝမြို့နယ်ပကဖက အဆိုပါညမှာပဲ ထပ်မံပြီး စစ်ကူလမ်းကြောင်းကို မိုင်းခွဲ ဖြတ်‌တောက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ စခန်းတွင်းကနေ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။

စစ်‌ကောင်စီတပ်ဖွဲ့တွေ စခန်းအပြင်ဘက် မထွက်ရဲဘဲ စစ်ကူမလာနိုင်‌လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုမပြုလုပ်ဘဲ ‌ကင်းပုန်းဝပ်စောင့်ကြည့် ပြန်လည်ဆုတ်ခွာခဲ့သလို မိုင်းခွဲတိုက်ခိုက်မှုမှာ ရန်သူထိခိုက်မှုမရှိဘဲ သက္ကလရဲစခန်းရှေ့ရှိ ဓာတ်တိုင် ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးနှစ်ခုစလုံးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ‌ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု ပိုများလာတယ်လို့ ကဝ ပကဖက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013