DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၇၀ ကျော်ထိ မြင့်တက်
DVB
·
March 28, 2023
အာဏာသိမ်းစစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၇၀ ကျော်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၇၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၉၀၈ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၀၄၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၂၄၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက် မနက် ၁၁ နာရီကျော်လောက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု အမှတ် ၈ ခြေလျင်တပ်ရင်းက လမ်းလျှောက်လာတဲ့ အရပ်သား ၂ ယောက်ဖြစ်ကြတဲ့ စောငပြူးနဲ့ စောရဲနိုင်ဝင်းတို့ကို အကြောင်းမဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နေရာတင် သေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် လာလ်ပန့်ဆန်းငါဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မွာလ်ဖော်ကျေးရွာသားဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာဖို့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့ ကိုယ်တိုင်ဆန္ဒဖော်ထုတ်မှုတွေမှာ ပါဝင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံခဲ့ရပြီး မော်လိုက် ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန် မတ် ၂၁ ရက်မှာ ရုတ်တရက် သေဆုံးခဲ့တာမို့ အကြမ်းဖက်စစ်အုပ်စုက လာာ်ပန့်ဆန်းငါရဲ့ မိသားစုဝင်တွေကို အကြောင်းကြားခဲ့တာကြောင့် သူ့ရဲ့ရုပ်အလောင်းကို မိသားစုဝင်တွေက မွာလ်ဖော်ကျေးရွာဆီ သယ်ဆောင်သွားပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013