DVB Logo
Home
မြန်မာသတင်း
ကျုံဒိုးမြို့ပြစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေ၊ တပ်ပျက်ပြီး စစ်ကြောင်းလိုက် ထွက်ပြေး
DVB
·
March 28, 2023
ကျုံဒိုးမြို့ပြစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေ၊ တပ်ပျက်ပြီး စစ်ကြောင်းလိုက် ထွက်ပြေး
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နဲ့ ၂၆ ရက်တွေက ကျုံဒိုး မြို့ပြစစ်ဆင်ရေး ၂ ရက်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရလို့  တပ်ပျက်ကာ စစ်ကြောင်းလိုက်ထွက်ပြေးခဲ့ရတယ်လို့  Lion Battalion Commando - ဗျူဟာစစ်ကြောင်းက ပြောပါတယ်။

အဆိုပါ မြို့ပြစစ်ဆင်ရေးတိုက်ပွဲမှာတော့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါ ဦးဆောင်ပြီးတော့ Lion Battalion Commando - ဗျူဟာစစ်ကြောင်းနဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တွေ၊ တခြားသော PDF ပူးပေါင်းစစ်ကြောင်း တွေက ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅/ ၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနဲ့ ငါးတိုင်အလယ်တန်းစာသင်ကျောင်းအတွင်း တပ်စွဲထားကြတဲ့ အကြမ်းဖက်စစ်ကောင်စီ၊ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ ရဲတွေကို မတ် ၂၅ ရက်မနက် ၇ နာရီခွဲလောက်ကတည်းက ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာတော့ Lion Battalion Commando - ဗျူဟာစစ်ကြောင်းဘက်က ရဲဘော်တွေ ဖြစ်ကြတဲ့ မိုးသက်မောင်မောင်(ခ)အရှည်ကြီး ၊ မျိုးမင်းလှိုင်(ခ)မျိုးကြီးနဲ့ သရဲနီတို့က ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးနဲ့ ပြည်သူလူထုလွတ်မြောက်ရေးအတွက် မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သူတို့ရဲ့ ပေးဆပ်မှုကို တန်ဖိုးထားလေးစားဂုဏ်ယူစွာနဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်လက် တိုက်ထုတ်ပြီးတော့ တော်လှန်ရေးအောင်မြင်သည်ထိဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရား အကြမ်းဖက် အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013