DVB Logo
Home
မြန်မာသတင်း
လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်နှင့် ဆက်နွှယ်သည့် ထိုင်းအထက်လွှတ်တော်အမတ် တရားစွဲခံရ
DVB
·
March 28, 2023
လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်နှင့် ဆက်နွှယ်သည့် ထိုင်းအထက်လွှတ်တော်အမတ် တရားစွဲခံရ
Donate to DVB

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာခရိုနီ လက်နက်မှောင်ခိုပွဲစား  ဦးထွန်းမင်းလတ်နဲ့ ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပါကျယန်းကွန်းကို ဗဟိုတရားရုံး အမိန့်နဲ့ အမှတ် ၃ ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနက တရားစွဲလိုက်ပါတယ်။ 

အထက်လွှတ်တော်အမတ်ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်တဲ့ ငွေကြေးခဝါချမှု၊ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ ပတ်သက်မှုတွေနဲ့ တရားစွဲလိုက်တာဖြစ်ပြီး တရားစွဲခံရသူ အထက်လွှတ်တော်အမတ် နိုင်းဥပကစ်ကလည်း စွဲချက်တွေသိရှိပါကြောင်း မနေ့က ဘန်ကောက် တလိန်ချန်းလမ်းရှိ အမှတ် ၃ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ လာရောက် သတင်းပို့ခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက သူ့ကို လက်ဗွေနှိပ်ထားပေမယ့် သူဟာ ဖမ်းဝရမ်းထုတ်မခံရသေးခင် လာရောက်သတင်းပို့တာကတကြောင်း၊ ထွက်ပြေးမယ့်သူမဟုတ်တာက တကြောင်းမို့ ဖမ်းဆီးချုပ်နှောင်ခြင်း မရှိဘဲ ပြန်လွှတ်လိုက်ပြီး လာမယ့် ဧပြီ ၁၇ ရက်နေ့ တရားရုံးမှာ အမှုလာရောက်ရင်ဆိုင်ဖို့ ချိန်းဆိုလိုက်ပါတယ်။ နိုင်းဥပကစ်ကလည်း စွဲချက်တွေကို တရားဥပဒေအရ တန်ပြန်ရင်ဆိုင်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

နိုင်းဥပကစ်နဲ့ ဦးထွန်းမင်းလတ်တို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သိကျွမ်းခဲ့ပြီး မြန်မာနိုင်ငံ  တာချီလိတ်မြို့မှာ ဟိုတယ်နဲ့ကာစီနိုရုံလုပ်ငန်းအတူလုပ်ကိုင်ခဲ့ဖူးသလို တာချီလိတ်တဘက်ကမ်း မယ်ဆိုင်မှာလည်း ထိုင်း-မြန်မာ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ Allure Group ကုမ္ပဏီ ထူထောင်ကာ ထိုင်းဘက်က လျှပ်စစ်ဓာတ်အားတွေကို မြန်မာဘက်ကမ်းသို့ ရောင်းချပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်းဥပကစ်က ဆက်မလုပ်တော့ဘဲ သူ့သားမက်ဖြစ်သူ နိုင်းဒင်းယန်း ကျွန်းထုလ ကို လွှဲအပ်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီး ၄ ဂိုဏ်းကို ဖမ်းဆီးရမိပြီးတဲ့နောက် တာဝန်ရှိသူတွေက သူတို့ငွေလမ်းကြောင်းတွေကို စစ်ဆေးရာမှာ Allure Group ထဲကို ငွေတွေလွှဲထားကြောင်း တွေ့ရှိခဲ့ပါတယ်။ 

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ Allure Group ထိုင်း-မြန်မာ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းလတ်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ နန်းနမ့် ဟွမ်နတ်တကွန်း၊ နိုင်းဒင်းယန်း ကျွန်းထုလ (ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပ ကာရဲ့သမက် )နဲ့  ကုမ္ပဏီငွေစာရင်းတာဝန်ရှိသူတို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဘတ်သန်းပေါင်း ၁၇၇၄ တန်ဖိုးရှိ  ကွန်ဒိုတိုက်ခန်း၊  မြေကွက် ၊ ဟိုတယ်၊ resort ၊ မော်တော်ကား ၊ မီးခံသေတ္တာထဲကငွေနဲ့ ဘဏ်စာအုပ်တွေကို သိမ်းဆည်းလိုက်ပါတယ်။ 

ဆက်လက်စစ်ဆေးချက်အရ ဒီအမှုမှာ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ်ပါ ပါဝင်ပတ်သက်နေကြောင်း သိရှိရတဲ့အတွက် အမှတ် ၃ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က တရားလိုပြုကာ ဗဟိုတရားရုံးအမိန့်နဲ့ မနှစ်အောက်တိုဘာလ ၃ ရက် မနက်ပိုင်းမှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ရဲ တွေက နိုင်းဥပကစ်ကို သွားရောက်ဖမ်းဆီးဖို့ပြင်နေစဉ် ဗဟိုတရားရုံးက အမှုပိုင်ရှင် အမှတ် ၃ မူးယစ်ဌာန စုံစမ်းစစ်ဆေးရေးရဲမှုးကို ခေါ်ယူပြီး နိုင်းဥပကစ်ဟာ အရေးကြီးပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဖမ်းဝရမ်းဆိုင်းငံ့ထားဖို့ ပြောခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း အမှုတိတ်ဆိတ်သွားပြီး ဒီ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ နိုင်းဥပကစ် ဘာကြောင့် အရေးယူမခံရသေးသလဲဆိုတာကို Move Forward Party လွှတ်တော်အမတ် နိုင်းရန်း ဆီမန်းရုန်းက လွှတ်တော်ထဲမှာ မေးခွန်းထုတ်ခဲ့သလို အပြင်မှာလည်း နိုင်းဥပကစ်နဲ့ ဦးထွန်းမင်း လတ် ဆက်နွှယ်မှုတွေကို သတင်းစာရှင်းခဲ့ပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာရှေ့နေ နိုင်းအာချရိယ ရိန်းရတနကွန်းကလည်း နိုင်းဥပကစ်ကို ထိုင်း ရဲတပ်ဖွဲ့အပေါ်ဩဇာလွှမ်းတဲ့ အငြိမ်းစားရဲချုပ်တစ်ဦးက အကာအကွယ်ပေးနေကြောင်း၊ ဒီအမှုကို စုံစမ်းဖော်ထုတ်ခဲ့တဲ့  မူးယစ်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ရဲမှူးကြီးနဲ့တကွ လုပ်ဖော်ကိုင်ဖက် စုစုပေါင်း ၄ ဦးဟာ တစ်နေရာစီ  ပြောင်းရွှေ့ခံခဲ့ရတယ်လို့   လွှတ်တော်ကို တိုင်စာ ပေးပို့ခဲ့ပါတယ်။ 

ဒီကြားထဲမှာလည်း အဆိုပါရဲမှူးကြီးက နိုင်းဥပကစ်ကို ဖမ်းဝရမ်းမထုတ်ဖို့ ဗဟိုတရားရုံး တာဝန်ရှိသူတွေက ညွှန်ကြားခဲ့တဲ့အကြောင်း၊ သူ့ဝန်ထမ်းလုပ်သက်မှာ  ဖမ်းဝရမ်းပြန်ရုပ် သိမ်းခံရတာမျိုး ဒီတစ်ခါသာကြုံဖူးကြောင်း အထက်လူကြီးကို ရေးသားတင်ပြထားတဲ့ စာမျက်နှာ ၇ မျက်နှာရှိ အစီရင်ခံစာ လူမှုကွန်ရက်မှာ ပြန့်သွားခဲ့ပါတယ်။ 

အဲဒီနောက် ကာယကံရှင်နိုင်းဥပကစ်က သူ့အနေနဲ့ ဦးထွန်းမင်းလတ်နဲ့ အရင်က သိကျွမ်းခဲ့ပေမယ့် ငွေကြေးခဝါချမှုတွေမှာ လုံးဝပတ်သက်မှု မရှိကြောင်း ၊ ကိုဗစ်-၁၉ ကာလမှာ  လျှပ်စစ်ဓာတ်အား ရောင်းရငွေတွေ နယ်စပ်ကနေအလွှဲ အပြောင်းလုပ်ရ အခက်အခဲရှိစဉ် မူးယစ်ကုန်သည်တွေရဲ့ ငွေတွေပါလာတာဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် ပမာဏအနည်းငယ်မျှသာဖြစ်ပြီး ဈေးရောင်းတဲ့အခါ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ငွေနဲ့ လာဝယ်တာကို မသိဘဲလက်ခံရယူမိတဲ့ သဘောသာဖြစ်ကြောင်း ၊ ဒါဟာ အတိုက်အခံပါတီက မလိုတမာ စွပ်စွဲနေခြင်းသာဖြစ်တယ်၊ အဲဒီအမတ်နဲ့ ရှေ့နေတွေကို အသရေဖျက်မှုနဲ့ တရားပြန်စွဲမယ်လို့ နိုင်းဥပကစ်က သတင်းစာပြန်ရှင်းခဲ့ပါတယ်။

ထိုင်းဥပဒေအရ အထက်လွှတ်တော်အမတ်၊ လွှတ်တော်အမတ်နဲ့ နိုင်ငံ့တာဝန်ထမ်းဆောင်နေသူတွေဟာ  ရာဇဝတ်မှုကျူးလွန်တယ်ဆိုရင် သာမန်လူထက် ၂ ဆ ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရမှာ ဖြစ်ပါတယ်။ 

မြန်မာလက်နက်ပွဲစား ခရိုနီသူဌေး ဦးထွန်းမင်းလတ်ကိုတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားပြီး သူ့ရဲ့ ဘတ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေ၊ ဟိုတယ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းထားလိုက်ပါတယ်။

ခရိုနီ ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်က အဆင့်မြင့် ကွန်ဒိုတိုက်ခန်းနဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့  တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက စုံစမ်းနေပါတယ်။

ကိုးကား-PPTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013