
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အိမ်ဖြူတော်မိန့်ခွန်းမှာ ထူးခြားချက်တွေ ပါမယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ သူပြောနေကြစကားတွေပဲ ပါတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
မိနစ် ၂၀ ကြာ မိန့်ခွန်းမှာ အဓိက မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေ ပြီးမြောက်လုနီးပါး ဖြစ်နေပြီ ဆိုတာမျိုးတွေပဲ ပါတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က ထရမ့်ပ်ရဲ့ ဆိုရှယ်မီဒီယာက ပို့စ်တွေကို ကော်ပီကူးပြီး ချလိုက်မယ်ဆိုရင် ဒီမိန့်ခွန်းနဲ့ သိပ်ပြီးမကွာဘူးဆိုပြီး သုံးသပ်သူတွေက ဖော်ပြပါတယ်။
ဒီစစ်ပွဲဟာ အမေရိကန်တွေရဲ့ အနာဂတ်ရင်းနှီးမြှုပ်နှံမှုအဖြစ် မြင်ကြဖို့ ထရမ့်ပ်က တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာစုနှစ်တွေ ဒါမှမဟုတ် အမေရိကန် ပါဝင်ခဲ့တဲ့ တခြားစစ်ပွဲတွေနဲ့ ယှဉ်မယ်ဆိုရင်လည်း ဘာမှမဟုတ်ဘူးလို့ ထရမ့်ပ်က အကြံပြုထားပါတယ်။
ဒါပေမဲ့ စစ်ပွဲရဲ့ ဦးတည်ချက် ဒါမဟုတ် အမေရိကန်ရဲ့ ထွက်ပေါက်က ဘာလဲဆိုတာကို ပြောဆိုဖို့ ထရမ့်ပ်က ရှင်းလင်းတဲ့အဖြေ မပေးခဲ့ပါဘူး။
ပထမအချက်က အစ္စရေးဟာ အီရန်ကို တိုက်နေတုန်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတင် ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တဲလ်အဗစ်မြို့ကို တိုက်ခိုက်ခဲ့တာပါ။
အဓိကမေးခွန်းက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အစိုးရက ထရမ့်ပ်ပြောတဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း စစ်ပြီးမယ်ဆိုတာ သဘောတူလားဆိုတဲ့ အချက်ကို ဖော်ပြထားပါတယ်။
ဒုတိယအချက်က အီရန်ကိုလက်ခံဖို့ တိုက်တွန်းထားတဲ့ အချက် ၁၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် ဘာတွေဖြစ်နေလဲ။ ဒီအချက်ကို ထရမ့်ပ်က မိန့်ခွန်းမှာ ပြောမသွားဘူး။
အီရန်ရဲ့ သန့်စင်ယူရေနီယံသိုလှောင်ထားမှုတွေကို သိမ်းမဲ့ကိစ္စ အပါအဝင် တောင်းဆိုထားမှုတွေကို စွန့်လွှတ်လိုက်ပြီလားလို့လည်း ဖော်ပြပါတယ်။
ဟော်မုဇ်ရေလက်ကြားအရေးနဲ့ ပတ်သက်ပြီးလည်း ထရမ့်ပ်က သေချာတဲ့အမြင်ကို ပြောတာမျိုးမရှိဘဲ အဲဒီနေရာကို သွားပြီး ကိုယ့်ဘာသာကိုယ် ကာကွယ်ကြ၊ ကိုယ့်ဘာသာကိုယ် အသုံးပြုကြလို့ ပြောခဲ့တာပဲ ရှိတယ်လို့ သုံးသပ်သူတွေက ထောက်ပြကြပါတယ်။
ထရမ့်ပ်ဟာ မဟာမိတ်တွေကို ဝေဖန်ခဲ့ပြီး NATO အဖွဲ့ကနေ ထွက်ဖို့ စိတ်ကူးရှိတယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောခဲ့ပေမဲ့ သူ့ရဲ့မိန့်ခွန်းမှာတော့ NATO ကနေ ထွက်မဲ့အကြောင်း မပါခဲ့ပါဘူး။
နောက်ထပ် အဓိကမေးခွန်းက အရှေ့အလယ်ပိုင်းကို စေလွှတ်တဲ့ မရိန်းတပ်သားတွေနဲ့ လေထီးတပ်သားတွေ ဘာတွေလုပ်နေလဲ ဆိုတာပါပဲ။
အဲဒီအချိန်မှာပဲ အမေရိကန်ရဲ့ ဆီဈေးဟာ ၄ ဒေါ်လာအထက်ကို ၄ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော်ကို ထိန်းချုပ်ဖို့ အဆုံးအဖြတ်ပေးမဲ့ ရွေးကောက်ပွဲကလည်း လအနည်းငယ်ပဲ လိုတော့တယ်လို့ ထရမ့်ပ်မိန့်ခွန်းနဲ့ ပတ်သက်ပြီး BBC က သုံးသပ်ထားတာ ဖြစ်ပါတယ်။
ထရမ့်ပ်ရဲ့ မိန့်ခွန်းအရ အမေရိကန်ဟာ အီရန်စစ်ပွဲကနေ ချက်ချင်းထွက်ခွါမဲ့ပုံ မပေါ်ဘူးလို့ ရိုက်တာသတင်းဌာနကလည်း သုံးသပ်သူတွေရဲ့ ပြောကြားချက်ကို ဖော်ပြထားပါတယ်။










