DVB Logo
Home
မြန်မာသတင်း
မြန်မာသူဌေးများ ထိုင်း၊ စင်ကာပူနှင့် ဩစတြေးလျတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှု များလာ
DVB
·
March 27, 2023
မြန်မာသူဌေးများ ထိုင်း၊ စင်ကာပူနှင့် ဩစတြေးလျတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှု များလာ
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးပိုလျှံသူတွေက ထိုင်း၊ စင်ကာပူ၊ ဩစတြေးလျ စတဲ့ ပြည်ပနိုင်ငံတွေဆီ သွားရောက်ပြီး နေအိမ်နဲ့ ကွန်ဒိုတိုက်ခန်းတွေဝယ်ယူကာ  second home အနေဖြင့် အခြေချနေထိုင်မှုက ပြီးခဲ့တဲ့နှစ်ကစပြီး များလာတာ တွေ့ရတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံ အတွင်းရှိ ကွန်ဒိုအခန်းတွေကို အရင်ကတည်းက ဝယ်ယူမှုတွေ ရှိခဲ့ပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာလမှာ ကွန်ဒို အခန်းဝယ်ယူမှုက တဟုန်ထိုး မြင့်တက်ခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒိုအခန်းတွေကို နှစ်အလိုက် ဝယ်ယူခဲ့တဲ့ အရေအတွက်ကို ကြည့်ရင် ၂၀၁၈ မှာ အခန်းပေါင်း ၄၈ ခု၊ ၂၀၁၉ မှာ အခန်းပေါင်း ၅၄ ခု၊ ၂၀၂၀ မှာ အခန်းပေါင်း ၂၆ ခု၊ ၂၀၂၁ မှာ အခန်းပေါင်း ၃၀ ခုသာ ဝယ်ယူမှု ရှိခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၂ မှာတော့ မြန်မာနိုင်ငံသားတွေ ဝယ်ယူခဲ့တဲ့ အခန်း အရေအတွက်က ၁၈၈ ခန်း ရှိတာကြောင့် တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုအခန်းတွေကို အများဆုံး ဝယ်ယူခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံ စာရင်းကို ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ရာမှာ မြန်မာက အဆင့် ၇ နေရာမှာ တည်ရှိနေပါတယ်။

ထိုင်းနိုင်ငံဆီ အိမ်ရာရွှေ့ပြောင်းမှုပမာဏ အခုလို တဟုန်ထိုး တိုးမြင့်သွားရတဲ့ အဓိက အကြောင်းရင်းက နိုင်ငံရေး၊ စီးပွားရေး မငြိမ်သက်မှုနဲ့ တိုက်ရိုက်ချိတ်ဆက်မှု ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အဓိကတော့ ပြည်တွင်းမှာ နိုင်ငံရေးရော စီးပွားရေးရော အခြေအနေ မငြိမ်မသက် ဖြစ်နေတဲ့ အချိန်မှာ second home ပုံစံမျိုးပေါ့၊ ငွေပိုငွေလျှံ ရှိတဲ့သူတွေက ဝယ်ကြတဲ့သဘောပါ။ ကျနော်တို့ ကပ်ဘေးရှောင်တာပဲလုပ်လုပ် ဘာပဲဖြစ်ဖြစ် ပေါ့နော်၊ နိုင်ငံခြားမှာ နေစရာ တခု ရှိတယ် ဆိုရင် သူတို့ သွားပြီး နေလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ လုပ်ကြတယ်လို့ မြင်ပါတယ်။ ဒါကြောင့်ပဲ ပြည်တွင်းမှာ ငွေပိုငွေလျှံ ရှိတဲ့သူတွေက နိုင်ငံခြားမှာ သွားပြီးတော့ ကွန်ဒိုတွေကို ဝယ်ကြတာ ကျနော်တို့ တွေ့ရတယ်။ ဒါကလဲ ပြောရရင် အရင်ကတည်းက ဝယ်ကြတာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းမှာတော့ ပိုပြီးတော့ ဝယ်လာကြတာ ကျနော်တို့ တွေ့ရပါတယ်။ မြန်မာတွေ အများဆုံး ဝယ်ကြတာကတော့ ဘန်ကောက်ပေါ့နော်။ ဘန်ကောက် ပြီးရင် ဒုတိယ လိုက်တာက စင်ကာပူမှာ ဝယ်ကြတယ်။ တတိယ လိုက်တာကတော့ သြစတြေးလျမှာ ဝယ်ကြတာ တွေ့ရတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဘန်ကောက်သို့ လာရောက်ပြီး အခြေချဖို့အတွက် ကွန်ဒိုအခန်းတွေကို ဝယ်ယူကြတဲ့သူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် နာမည်ကြီးသရုပ်ဆောင်တချို့နဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး မိသားစု ဆွေမျိုးအသိုက်အဝန်းတွေလည်း ပါဝင်ပါတယ်။

အဓိက အဝယ်များတာက မြန်မာငွေနဲ့ သိန်းသုံးထောင်ကနေ လေးထောင်တန်အခန်းတွေကို အဝယ်များတာ တွေ့ရတယ်လို့ ဘန်ကောက်အိမ်ခြံမြေလုပ်ငန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မြန်မာငွေနဲ့ သိန်းသုံးထောင်ကနေ လေးထောင်ကြားမှာ ရှိတဲ့ အခန်းအမျိုးအစားတွေကို ဝယ်ကြတာ အများဆုံး တွေ့ရတယ်။ ဒါပေမဲ့ ပိုက်ဆံ အရမ်းချမ်းသာတဲ့ တချို့လူတန်းစားတွေပေါ့။ သူတို့ဆိုရင်တော့ သိန်းသောင်းဂဏန်းနီးပါးရှိတဲ့ အိမ်ရာအခန်းတွေကို ဝယ်ကြတာမျိုးလည်း ရှိပါတယ်။ ဒါကတော့ လူနည်းစုပေါ့။ အရေအတွက်က အတော်နည်းပါတယ်။ ဒါပေမဲ့ ဘာပဲပြောပြော အခြေချ ရွှေ့ပြောင်းမှု များလာတာက ပြည်တွင်း အိမ်ခြံမြေ ဈေးကွက်အပေါ် သက်ရောက်မှုက ရှိလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ခါတိုင်းက ဒီမှာပဲ ဝယ်ဖို့ စိတ်အားထက်သန်ကြတာ။ အခုတော့ တော်တော်များများက ဟိုဘက်မှာ ဝယ်ထားလို့ရှိရင်လည်း အကျိုးရှိမယ်ဆိုတာ သိကြတဲ့အတွက် ထွက်သွားနိုင်တယ်။ သွားရင်တော့ အနည်းနဲ့ အများ ထိခိုက်မှု ရှိလာနိုင်တာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ထိုင်းနိုင်ငံအတွင်းရှိ ကွန်ဒိုအခန်းတွေကို အများဆုံး ဝယ်ယူခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံစာရင်းထဲမှာ တရုတ်နိုင်ငံက အများဆုံး ဝယ်ယူခဲ့ပြီး အရေအတွက်အားဖြင့် အခန်းပေါင်း ၃၅၆၂ ခန်း ရှိတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013