DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့၌ လုယက်ဓားပြမှုများဆက်တိုက်ဖြစ်နေသော်လည်း စစ်ကောင်စီရဲတပ်ဖွဲ့က တရားခံကို မဖမ်းဆီးနိုင်
DVB
·
March 27, 2023
မုံရွာမြို့၌ လုယက်ဓားပြမှုများဆက်တိုက်ဖြစ်နေသော်လည်း စစ်ကောင်စီရဲတပ်ဖွဲ့က တရားခံကို မဖမ်းဆီးနိုင်
Donate to DVB

စစ်ကိုင်းတိုင်းရဲ့ စစ်ကောင်စီတပ်များရုံးစိုက်ရာ မုံရွာမြို့ပေါ်မှာ လုယက်မှုတွေ နေစဉ်ဖြစ်နေပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသလို လုံခြုံမှုနဲ့ တရားဥဒေစိုးမိုးမှုမရှိတော့တာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံပြည်သူတွေ စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မုံရွာမြို့ပေါ်မှာ မတ်လ ၂၆ ရက် မနေ့ မနက်က ကွေ့ကြီးရပ်ကွက်ရှိ စတိုးဆိုင် တဆိုင်မှာ ဆိုင်ရှင်ကို ဓားနဲ့ထောက်ကာ ငွေနဲ့ ဖုန်းတွေ လုယက်အနုကြမ်းစီးခံရသလို မုံရွာမြို့မှာ အခု မတ်လအတွင်းမှာ လုယက်မှု ၁၀ ခုကျော် ဖြစ်ပွားခဲ့ပါတယ်။

မုံရွာမြို့က နာမည်ကြီး ဖုန်းဆိုင်ပိုင်ရှင်တဦးက “ခေတ်ပျက်တယ်ဆိုတဲ့ အကြောင်းပြပြီး စစ်ကောင်စီဘက်က လုပ်နေတယ်လို့ပဲ ကျနော်ကထင်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေ အကြောက်တရားဖြစ်အောင် တမင်တကာကို လုပ်နေတာလို့ ပြောရမယ်။ သူတို့ နာရီနဲ့အမျှ လုံခြုံရေးကင်းပတ်နေတာပဲ။ ဒီလုယက်နေတဲ့ကောင်တွေ ဘယ်ကနေထွက်လာတာလဲ။ ပထမ လပ်ကီးဆင်နှစ်ကောင်တို့၊ သိန်းတရာရွှေဆိုင်တို့ အကြီးအကျယ်လုယက်နေတုန်းကတည်းက တရားခံကို မိအောင်မဖမ်းနိုင်ဘူး။ တခြားအသေးစားလုယက်မှုတွေလည်း အများအပြားရှိ‌တယ်။ တချို့က အသက်အန္တရာယ်ဖြစ်မှာကြောက်လို့ သတင်းမထုတ်ကြပဲ နေကြ‌တာတွေလည်း အများကြီးရှိတယ်။ အခုလိုဖြစ်နေတော့ ကိုယ့်အိမ်ထဲကိုယ်နေရတာတောင် လုံခြုံမှုမရှိတော့ဘူး”လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပေါ်ဦးရွှေဆိုင်လုယက်မှုဖြစ်ပွားခဲ့သလို မတ်လ ၂၅ ရက်ကလည်း ပြည်တော်သာရပ်ကွက်သစ်က နေအိမ်တစ်အိမ်မှာ  လက်နက်ကိုင် ၈ ဦးက နေအိမ်အတွင်း ဝင်ရောက်ပြီး ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီး၊ ဖုန်းနဲ့ ပိုက်ဆံတွေ ယူဆောင်လုယက်သွားတယ်လို့  မြို့ခံတွေရဲ့ပြော ပြချက်အရသိရပါတယ်။

မုံရွာလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးက “ မုံရွာက ဈေးဆိုင်တွေကတော့  မနက် ၉ နာရီလောက်စပြီးဆိုင်ဖွင့်ကြတယ်။ အရင်က မနက်ခင်း ၇ နာရီ ၈ နာရီမှာ ဆိုင်ဖွင့်ကြတယ်။ ညနေကြတော့လည်း ၄ နာရီ ၅ နာရီဆိုရင် ဆိုင်သိမ်းကြတယ်။ အရင်ကဆိုရင် ည ၈ နာရီ‌အထိ ဆိုင်ဖွင့်ကြတယ်။ ရောင်းချရတာလည်း မလွယ်ကူတော့ဘူးလေ။  ဘယ်နေ့ကိုယ့်ဆိုင် အလှည့်ကြလာမလားဆို‌တဲ့ စိုးရိမ်စိတ်ကြီးက အမြဲဝင်နေရတယ်။ စစ်ကောင်စီ အနေနဲ့လည်း ထိထိရောက်ရောက်မကိုင်တွယ်၊ မအုပ်ချုပ်နိုင်ဘူးဆိုရင် သိမ်းထားတဲ့အာဏာ ပြန်ပြီး ပေးလိုက်တော့လေ။ အခုဟာက ဟိုမနိုင်၊ ဒီမနိုင်နဲ့။ အခုဆိုရင် မြို့ပေါ်လုယက်တဲ့တရားခံကို တစ်ယောက်မှ မမိဘူးဆိုတာကတော့ အတော်လေး တရားလွန်လာသလို သူတို့ကိုပါ မြို့ခံပြည်သူတွေက အယုံကြည်မဲ့လာကြတယ်” လို့ ပြောပါတယ်။

မုံရွာမြို့မှာ မတ်လအတွင်း လုယက်အနုကြမ်းစီးခံရတာ ၁၀ ကြိမ်အထက်မှာရှိတယ်လို့ မြို့ခံတွေက ပြောဆိုကြပေမဲ့ လုယက်ခံရသူအသေးစိတ်ကို  လုံခြုံရေးအရ ကာယကံရှင်တွေက အမည်မဖော်လို ကြဘူးလို့လည်း မုံရွာဒေသခံတွေက ပြောဆိုပါတယ်။

မတ်လအတွင်း ချမ်းမြဝတီရပ်ကွက်က စားသောက်ဆိုင်တစ်ဆိုင်၊ အောင်မင်္ဂလာရပ်ကွက်က ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ ပြည်တော်သာရပ်ကွက်က အလှပြင်ဆိုင်တစ်ဆိုင်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ပေါ်ဦးရွှေဆိုင်နဲ့ မုံရွာမြို့တွင်းလမ်းမပေါ်မှာ လုယက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

အခုလို မြို့ပေါ်မှာ လုယက်မှုတွေ၊ အနုကြမ်းစီးတာ၊ ဓားပြတိုက်တာတွေနဲ့ ပတ်သက်ပြီး တရားခံတွေကို ဖမ်းမမိတာနဲ့ ပတ်သက်လို့ မုံရွာရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013