DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်၊ ရေစကြိုနှင့် တကောင်းမြို့နယ်တို့တွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 27, 2023
ယင်းမာပင်၊ ရေစကြိုနှင့် တကောင်းမြို့နယ်တို့တွင်  ရဲစခန်းနှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ ရဲစခန်းကို မတ် ၂၇ ရက် မနက် ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ယင်းမာပင်မြို့ရဲ့ တောင်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်ဒေသခံ တဦးက“ပစ်တာကတော့ အုန်းအုန်းဒိုင်းဒိုင်းပဲ။ ရဲစခန်းထဲကျတာ ရှိသလို၊ ရပ်ကွက်တွေထဲ ကျတာလည်း ရှိတယ်။ စစ်ကောင်စီရဲ့ရဲစခန်းထဲကျတာ‌တော့ အတော်များတယ်။ ရပ်ကွက်တွေထဲ ကျတာကတော့ အထိခိုက် မရှိ အပျက်အစီးမရှိဘူးလို့ သိထားရတယ်။ ရဲစခန်းထဲကျတာကတော့ သေဆုံးသတင်းမသိရသေးဘူး”လို့ ဆိုပါတယ်။

သခင်းဒေါင်းညိုအဖွဲ့ခေါင်းဆောင် တာဝန်ရှိသူက “လက်နက်ကြီး ၃၀ လောက်နဲ့ တပြိုင်နက် ပစ်ခဲ့တာ။ ခဏနေတော့ တိုက်ပွဲ ခဏဖြစ်သေးတယ်။ စစ်တပ်က အကျအဆုံး မသိရသေးဘူး။ ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်မှု မရှိဘူး”လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင်မှာ မတ် ၂၅ ရက်ကလည်း ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်း အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း မတ် ၂၄ ရက်နဲ့ ၂၆ ရက်တွေမှာ ရေစကြိုမြို့မရဲစခန်းနဲ့ စစ်ကောင်စီအထိုင်စခန်းတခု တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံ Black Tiger တပ်ဖွဲ့က သိရပါတယ်။

ရေစကြိုမြို့မရဲစခန်းကို မတ် ၂၄ ရက် ည ၁၀ နာရီလောက်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ပြောက်ကျားနည်းဗျူဟာ သုံပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ MBT ရဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရေစကြိုမြို့ အမှတ်(၁) ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကိုလည်း မတ် ၂၆ ရက် မနက် ၁၁ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက် ဒဏ်ရာရရှိကာ ရေစကြိုမြို့ပြည်သူ့ ဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ သိမ်းဆည်းခံခဲ့ရတဲ့ MBT တပ်ဖွဲ့  အမှတ်(၂)စခန်းအတွက် လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ရဲဘော်တွေ မထိခိုက်ဘူးလို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ တကောင်းမြို့နယ်ထဲမှာတော့ ကင်းပုန်းဝပ်ဖို့လာတဲ့ ကား ၃ စီးနဲ့  စစ်ကောင်စီစစ်သား ၅၀ ကျော်ကို နောင်လုံသံတံတားအနီးမှာ မတ် ၂၆ ရက် မနက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ် ပကဖကတာဝန်ရှိသူက ပြောပါတယ်။

တကောင်းတိုက်နယ်ထဲမှာ ခြေကျင် မိုင်းလာရှာတဲ့စစ်သား ၂၀ ဝန်းကျင်ကို  တကောင်းတိုက်နယ် ပေါ်တော်မှုအောက်နား ဝဲကြီးဝင်ပေါက်မှာ မိုင်း ၉ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ တကောင်းမြို့နယ် ပကဖကဒီကနေ ထုတ်ပြန်ပါတယ်။

တကောင်းမြို့ကနေ စစ်ကူလာတဲ့ Double Cab 4 wheel သုံးစီးကိုလည်း တကောင်းတိုက်နယ် ပေါက်တောချောင်းအနီးမှာ မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး ကားနှစ်စီးထိမှန်ပျက်စီးခဲ့ကာ ကားပေါ်ပါ စစ်သား ၆ ယောက်သေဆုံးခဲ့တယ်လို့  သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေကို သုံးကြိမ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့  ပြန်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ ဆင်ညှပ်ကုန်းရွာအနီးက ပြည်သူ့နေအိမ်တစ်အိမ်ကို PDF တွေနေထိုင်သွားတယ်လို့ဆိုကာ စစ်ကောင်စီတပ်ကမီးရှို့သွားပြီး တခြားအိမ် ၆ အိမ်က ပစ္စည်းတွေကိုလည်း အဓမ္မ လုယက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

နေအိမ်ပိုင်ရှင်တွေက တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် တိမ်းရှောင်နေကြတယ်လို့သိရပြီး တကောင်း တိုက်နယ်ထဲမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေချထားပြီး စစ်ရေးတင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြဖို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013