DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်တွင် စစ်အုပ်စုက တိုက်လေယာဉ်များသုံးပြီး ပစ်ခတ်မီးရှို့သည့် ဒရုန်းမှတ်တမ်း KNDF ထုတ်လွှင့်(ရုပ်သံ)
DVB
·
March 27, 2023
ကရင်နီပြည်တွင် စစ်အုပ်စုက တိုက်လေယာဉ်များသုံးပြီး ပစ်ခတ်မီးရှို့သည့် ဒရုန်းမှတ်တမ်း KNDF ထုတ်လွှင့်(ရုပ်သံ)
Donate to DVB

ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီက တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ကျေးရွာတွေကို ပစ်ခတ်မီးရှို့ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့လည် ၁၂ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီဟာ တိုက်လေယာဥ် ၁ စီး ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးတို့နဲ့ ဒီးမော့ဆိုမြို့နယ် ၊ ဒေါတမကြီး ကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်း မရှိချိန်မှာ လှည့်ပတ်ပြီးတော့ ၄ ကြိမ်လောက် လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျေးရွာလမ်းမကြီးအပေါ်ဘက်တကြောလုံးက နေအိမ်အလုံး ၁၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ရပြီး ကရင်နီပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိခဲ့ဘဲ မတ် ၂၅ ရက်မနက် ၁ နာရီခွဲလောက်မှာလည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ကို တိုက်လေယာဥ်နဲ့ ၄ ကြိမ် ဗုံးကြဲခဲ့တယ်လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကလည်း ဒေါညင်းခူကျေးရွာထဲက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာထဲမှာ ကျန်ရှိခဲ့တဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကိုလည်း ဘုန်းကြီးကျောင်းဝန်းအတွင်းထည့်ကာ မီးရှို့ ဖျက်ဆီးထားခဲ့တာကို KNDF ETD ဌာနက ရိုက်ယူထားခဲ့တဲ့ ဒရုန်းမှတ်တမ်းတွေထဲ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အလားတူ မတ် ၁၅ ရက်ကလည်း ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက ၁၂၀ မမ လက်နက်ကြီးတွေပစ်ခက်ခဲ့ရာ ဒေါတမကြီးကျေးရွာထဲကို ကျရောက်ပြီးတော့ ​နေအိမ် ၃ လုံး မီးလောင် ပျက်ဆီးခဲ့သလို ထိတွေ့တိုက်ပွဲတွေအတွင်း ဒေါတမကြီး ၊ ဒေါဆိုဖျကျေးရွာတွေအတွင်းက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ဒေသခံတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေကိုပါ ပြုလုပ်ထားပြီး ပျောက်ဆုံးနေတဲ့ ဒေသခံရွာသားတွေလည်း ရှိနေတယ်လို့ KNDF က ပြောပါတယ်။

KNDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှု မှတ်တမ်းတွေကို စုဆောင်းနေပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ ကျေးရွာတွေတလျှောက် စစ်ကြောင်းထိုး လှုပ်ရှားတာတွေ ဆက်ပြီးတော့ ပြုလုပ်နေသေးတာကြောင့် အဆိုပါ ကျေးရွာတွေအနီး ပြည်သူလူထုအနေနဲ့ ဖြတ်သန်း သွားလာတာတွေ ၊ နေအိမ်ပြန်ကြည့်တာတွေ မပြုလုပ်ကြဖို့နဲ့ ဘေးကင်းလုံခြုံရေးကို အလေးထားကာ စစ်ရေးသတိရှိစွာ နေထိုင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013