DVB Logo
Home
မြန်မာသတင်း
လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် အပေါင်းပါများအား အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အပေါ် NUG ကြိုဆို
DVB
·
March 26, 2023
လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် အပေါင်းပါများအား အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု အပေါ် NUG ကြိုဆို
Donate to DVB

မြန်မာစစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်၊ သူ့ရဲ့ ဇနီးနဲ့ သူပိုင်ဆိုင်တဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တဲ့အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၆ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ကာ အမေရိကန်ရဲ့ အဆိုပါကြေညာချက်က အရပ်သားပြည်သူတွေ အပေါ်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လုပ်ဆောင်နေမှုတွေကို ချင့်ချိန်သုံးသပ်ပြီးတော့ ခုလို ရည်ရွယ်ပစ်မှတ်ထား ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဦးထွန်းမင်းလတ်၊ သူ့ဇနီး ဒေါ်ဝင်းမင်းစိုးနဲ့ သူပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှာဖြစ်တဲ့အပြင် မြန်မာစစ်အာဏာရှင်ထံ လေယာဉ်လောင်စာဆီထောက်ပံ့တာနဲ့ ဆက်နွှယ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ ခံရနိုင်ခြေတွေနဲ့ပတ်သက်လို့ ကိုယ်ပိုင်လုပ်ငန်းတွေ၊​ စီးပွားရေးလုပ်ငန်းတွေကို အသိပေးတဲ့အနေနဲ့ “မြန်မာ့လေယာဉ်လောင်စာဆီနှင့် စပ်လျဉ်းသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုသတိပေးချက်” ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

အာဏာရှင်အဖွဲ့အစည်းဟာ မြန်မာပြည်သူတွေကို နာကျင်မှုနဲ့ အတိဒုက္ခတွေသာ ဆက်လက်ပေးနေကြောင်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေတဲ့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဘလင်ကန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားဖို့ သံန္နိဋ္ဌာန်ချထားပြီး ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ရာမှာ အာဏာရှင်အဖွဲ့အစည်းက အသုံးပြုတဲ့ အရင်းအမြစ်တွေကို ဖြတ်တောက် အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

လက်နက်ပွဲစား ခရိုနီသူဌေး ဦးထွန်းမင်းလတ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ  မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားပြီး   သူ့ရဲ့ ဘတ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေ၊ ဟိုတယ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းထားလိုက်ပါတယ်။

ခရိုနီ ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်က အဆင့်မြင့် ကွန်ဒိုတိုက်ခန်းနဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့ တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက စုံစမ်းနေပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်တင် လုပ်ဆောင် လာနေခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အဆိုအရ ပြီးခဲ့တဲ့ နှစ်အတွင်း အရပ်သားတည်နေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ ဖြစ်စဉ်တွေနဲ့ ပက်သက်ပြီးတော့ လူ့အခွင့်အရေးကောင်စီမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဖိုရမ်မှာ ကုလသမဂ္ဂတာဝန်ရှိသူတွေက အကြမ်းဖက်စစ်ကောင်စီ ကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

လက်ရှိ အကြမ်းဖက်စစ်တပ် အပေါ် အရေးယူ ဆောင်ရွက်ချက်တွေထဲမှာ အမေရိကန်ကလည်း ပါဝင်လာခဲ့သလို ဥရောပသမဂ္ဂကလည်း  အကြမ်းဖက်စစ်တပ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရငွေတွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အခုနှစ်  ဖေဖော်ဝါရီလမှာ ဆဋ္ဌမအကြိမ် ချမှတ်ခဲ့ပြီး အကြမ်းဖက်စစ်တပ် အနေနဲ့ စစ်လက်နက်ပစ္စည်း၊ ခဲယမ်းမီးကျောက်နဲ့ စစ်ဘက် နည်းပညာတွေ မရရှိနိုင်ရေးကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ အနေနဲ့ အမေရိကန်ရဲ့ မြန်မာပြည်သူတွေအတွက် တစိုက်မတ်မတ် နှစ်မြှုပ် ဆောင်ရွက်ပေးနေမှုတွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တခြားအဖွဲ့ဝင်တွေကိုလည်း အလားတူ အရေးယူမှုတွေဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013