
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်ဟောင်းတခုမှာ မြေပြိုကျပြီး ရခိုင်တိုင်းရင်းသား ကျောက်ရှာဖွေသူ ၃ ယောက် ပျောက်ဆုံးနေသလို တယောက်က ခြေချော်ကျပြီး ခြေထောက်ကျိုးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၇ ရက် ညနေပိုင်းက ကုဋေကုမ္ပဏီလုပ်ကွက်ဟောင်းတခုမှာ လက်ကျင်းတူးတာကနေ မြေပြိုကျပြီး ရခိုင်တိုင်းရင်းသား ၃ ယောက် ပျောက်ဆုံးနေကာ ဒီနေ့အထိ ရှာဖွေရေးလုပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အသက် ၂၀ ဝန်းကျင် နှစ်ဦးနဲ့ အသက် ၄၀ ဝန်းကျင်တဦး ရေထဲကျသွားတာ။ အဲဒါ ကယ်ဆယ်ရေးအဖွဲ့တွေက ရေငုပ်ပြီး ရှာနေကြတာ။ လုံးခင်းကနေသွားရရင် ၁ နာရီလောက် မောင်းရမယ် အဲဒီလုပ်ကွက်ဟောင်းက" လို့ ပြောပါတယ်။
ဖားကန့်လူမှုကူညီရေးအသင်းကလည်း မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ လက်ကျင်းတူးတာကနေ မြေပြိုကျတယ်လို့ ဒီနေ့မှာ မိသားစုဝင်တွေက အကြောင်းကြားလာလို့ ရေငုပ်အဖွဲ့တွေနဲ့ သွားရှာနေတယ်လို့ ဆိုပါတယ်။
ကုဋေမှော်နဲ့ လုံးခင်းကြားက လုပ်ကွက်ဟောင်းတခုမှာလည်း စစ်ရှောင်တယောက် ဇူလိုင် ၁၆ ရက်က ရေမဆေးကျောက်ရှာရင်း ခြေချော်ကျတာကြောင့် ပေါင်ကျိုးသွားပါတယ်။
အဆိုပါစစ်ရှောင်ဟာ ခြေထောက်ကျိုးဒဏ်ရာနဲ့ ၂ ရက်ကြာ ကမ်းပါးပေါ်တင်နေရာကနေ ဇူလိုင် ၁၈ ရက် ဒီနေ့မနက်မှာ ပြန်ရှာတွေ့တာ ဖြစ်ပါတယ်။










