DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃၁၆၀ ထိ မြင့်တက်
DVB
·
March 24, 2023
၂ နှစ်ကျော်အတွင်း စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃၁၆၀ ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၁၆၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၈၄၆ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၉၇၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၂၀၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၅၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်က မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်ကို မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) တို့နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုကောင်းဆက်ပိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တုန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်၂၃ ရက်မနက် ၈ နာရီလောက်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာကို အင်အား ၆၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ လက်အောက်ခံ ပျူစောထီးတွေက ဝင်ရောက်စီး နင်းပြီးတော့ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ မြကန်ကျေးရွာထဲမှာ ထွက်မပြေးနိုင်ဘဲ ကျန်ရှိခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ကို ဖမ်းဆီးပြီးနောက် ရိုက်နှက်နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ အဆိုပါ စစ်ကြောင်း ပြန်လည်ထွက်ခွာခဲ့ပြီးနောက် ဦးညိုတင်ရဲ့ ရုပ်အလောင်းကို သူ့ရဲ့ နေအိမ်ရှေ့မှာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013