DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးအတွက် အသက်ဆုံးရှုံးခဲ့ရသူများနှင့် အသက်ရင်းနှီးဆောင်ရွက်နေသူများကို နော်ဝေ ဂုဏ်ပြု
DVB
·
March 24, 2023
လူ့အခွင့်အရေးအတွက် အသက်ဆုံးရှုံးခဲ့ရသူများနှင့် အသက်ရင်းနှီးဆောင်ရွက်နေသူများကို နော်ဝေ ဂုဏ်ပြု
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုအတွက် အသက်ကို ရင်းနှီးဆောင်ရွက်နေကြသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်ပါတယ်။

စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို အမှတ်ရ ဂုဏ်ပြုဖို့နဲ့ အမှန်တရားနဲ့ တရားမျှတမှုရဲ့ အရေးပါမှုကို မြှင့်တင်ဖို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကျူးလွန်ခံရသူတွေရဲ့ ဂုဏ်သိက္ခာအတွက် အပြည်ပြည်ဆိုင်ရာ အမှန်တရားအတွက် အခွင့်အရေးနေ့ကို မတ် ၂၄ ရက်မှာ နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ကာ စစ်ကောင်စီတပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ သူတို့ကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို မင်းမဲ့စရိုက်ဆန်ဆန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းက တိုက်ခိုက်တာ၊ အုပ်စုလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၇၉၃ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၉၂၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၁၆၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်တုန်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ နော်ဝေနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် အကြမ်းဖက်မှု စတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အပြစ်ပေး အရေးယူနိုင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ NUG နော်ဝေဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ကိုယ်စားလှယ်ရုံး ရုံးအဖွဲ့မှူး ဒေါ်ဝတ်မှုန်ဝင်းနဲ့ ကိုယ်စားလှယ်ရုံးရဲ့ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာ ခရစ္စတီယန်စတုတ်ခ်တို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မကျင်းပဖို့ ကြိုးပမ်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲပေါ်  အမြင်တွေကိုလည်း အချင်းချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံအနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ ရိက္ခာ၊ အကူအညီနဲ့ ဆေးဝါးတွေကို နယ်စပ်ဖြတ်ကျော် ပို့ဆောင်ပေးနိုင်ရေး၊ NUG အစိုးရကို အသိအမှတ်ပြု ထောက်ခံပြီးတော့ နော်ဝေနိုင်ငံအနေနဲ့ အရင်နှစ်က မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆန္ဒပြုထောက်ခံခဲ့သလို အခုနှစ်မှာလည်း ဆက်လက်ထောက်ခံမှု ပြုပေးဖို့နဲ့ ကာကွယ်မှုပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ အချက် ၆ ချက်ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

NUG အစိုးရ တာဝန်ရှိသူတွေနဲ့ နော်ဝေပါလီမန်အမတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တုန်းကလည်း အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ခုတကြိမ်မှာတော့ လူချင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ကာ ပိုမိုအားကောင်းတဲ့ သံတမန်ရေးကို တည်ဆောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း လက်ရှိအချိန်တိုင်အောင် လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013