DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ကားများ မြန်မာပြည်ဈေးကွက်အတွင်း အရောင်းအဝယ်မဖြစ်
DVB
·
March 24, 2023
လျှပ်စစ်ကားများ မြန်မာပြည်ဈေးကွက်အတွင်း အရောင်းအဝယ်မဖြစ်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာပြည်တွင်းမှာ လျှပ်စစ်စွမ်းအင်သုံး (EV) မော်တော်ယာဉ်တွေနဲ့ အစားထိုးပြောင်းလဲဖို့ ကြိုးပမ်းနေပေမဲ့ လက်ရှိအချိန်ထိ ကြိုက်နှစ်သက်သူ မရှိတာကြောင့် ဈေးကွက်ထဲမှာ ဝယ်မယ့်သူမရှိ ဖြစ်နေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်ပကနေ နှစ်စဉ်တင်သွင်းနေရတဲ့ စက်သုံးဆီပမာဏကို လျှော့ချနိုင်ဖို့အတွက် စစ်ကောင်စီဟာ ကားတင်သွင်းခွင့်ပါမစ်ကို ကန့်သတ်ထားပေမဲ့ လျှပ်စစ်စွမ်းအင်သုံး (EV) မော်တော်ယာဉ်တွေကိုတော့ အကောက်ခွန်ကင်းလွတ်ခွင့် ပေးထားပြီး တင်သွင်းခွင့် ပေးထားတဲ့အပြင် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက်ပါ ဖိတ်ခေါ်ထားပါတယ်။

ဒါကြောင့်ပဲ ပြည်တွင်းမှာ လျှပ်စစ်စွမ်းအင်သုံး (EV) ကားတွေ တင်သွင်းထုတ်လုပ်ဖို့ တရုတ်အခြေစိုက် ကုမ္ပဏီပေါင်း ၂၀ ကျော်က ကမ်းလှမ်းထားရှိတဲ့ထဲက BYD Auto ကားကုမ္ပဏီက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်သုံး (EV) ကားသစ်တွေဟာ မြန်မာပြည်ဈေးကွက်ထဲ ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ ကြိုက်နှစ်သက်သူ မရှိသေးတာကြောင့် ဈေးကွက်ထဲမှာ ဝယ်မယ့်သူမရှိ ဖြစ်နေသေးတယ်လို့ ရန်ကုန်အခြေစိုက် ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ဆိုပါတယ်။

ကားဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “သူတို့သွင်းတဲ့ (EV) လျှပ်စစ်ကားတွေ ဂွမ်းနေတယ်။ အဆင်မပြေဘူး။ ဈေးကွက်ထဲမှာဆိုရင်လည်း အဲ့ကားတွေကို ဘယ်သူမှမကြိုက်ကြလို့ အရောင်းအဝယ်က မရှိဘူး။ အဲဒီကားတွေကို ၅ နှစ်အတွက် ဘက်ထရီသက်တမ်းက ၇၅ ရာခိုင်နှုန်းအောက် မကျရဘူးဆိုတဲ့ အာမခံနဲ့တော့ သူတို့ရောင်းနေတယ်။ တကယ်လို့ သူတို့ သတ်မှတ်ထားတဲ့နှုန်းအောက် ရောက်ခဲ့ရင် ဘက်ထရီအသစ်တလုံး လဲပေးမယ်။ ဒါမှမဟုတ် ကားအသစ်တစီး ပြန်လဲပေးမယ်။ အဲ့ဒါမျိုးတွေတော့ ရှိတယ်။ ဒါပေမဲ့ လောလောဆယ်တော့ EV ကားတွေက ဈေးကွက်ထဲမှာ လုံးဝ ပေါ်ပြူလာဖြစ်တဲ့ စာရင်းထဲမှာတော့ မရှိသေးဘူး။ ဈေးကွက်က လက်မခံသေးဘူးဆိုတဲ့ သဘောပေါ့။ လျှပ်စစ်အားသွင်းနိုင်တဲ့ Charging station တွေ သူတို့ လိုက်လုပ်နေတယ်။ ဒါပေမဲ့ အဲ့ဒါတွေကလည်း သူတို့ပြောပုံအရ ၁ ယူနစ်အတွက် ဈေးက မသေးပါဘူး။ ဒီတော့ အရမ်းကြီး မျှော်လင့်ချက်တော့ သိပ်မရှိသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ တရုတ်ကုမ္ပဏီထုတ် လျှပ်စစ်စွမ်းအင်သုံး (EV) မော်တော်ယာဉ် ၁ စီး တန်ဖိုးက အနည်းဆုံး ကျပ်သိန်း ၆၀၀ ရှိတဲ့အတွက် သာမန်လူတွေ မဝယ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အပြင် ဘက်ထရီရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတာနဲ့အမျှ ကားတန်ဖိုးကလည်း ကျဆင်းလာတဲ့ အားနည်းချက်ကြောင့် မြန်မာပြည်ဈေးကွက်မှာ လူကြိုက်နည်းနေသေးတာပါ။

ကားအရောင်းစင်တာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တဦးက “သာမန်လူတန်းစားက ကား ၁ စီးကို သိန်း ၂၀၀ နဲ့ ၃၀၀ ကြားပဲ စဉ်းစားနိုင်တယ်။ ဒါပေမဲ့ EV ကား ၁ စီးတန်ဖိုးက ငွေပမာဏ များတဲ့အပြင် after service ကလည်း ဂျပန် used car ကားလို မဟုတ်ဘူးဗျ။ ပြန်ရောင်းတဲ့အခါ အဲဒီကားက ဘယ်လိုလဲဆိုရင် ကျနော်တို့ Laptop ဘက်ထရီလိုမျိုးပေါ့၊ Apple Macbook တွေကို ဝယ်တဲ့အခါမှာ battery cycle count ဆိုတာရှိတယ်။ ဘယ်လောက်သုံးထားပြီးပြီလဲ ဆိုတာ ကြည့်ပြီး ဈေးဖြတ်ကြတာ။ EV ကားတွေလည်း အဲဒီပုံစံပဲ။ ဘက်ထရီ ဘယ်လောက် သုံးပြီးသွားပြီလဲ ဆိုတဲ့အပေါ် ကြည့်ပြီးတော့ ဖြတ်လိုက်လို့ရှိရင် ကားတန်ဖိုးက ကျသွားပြီ။ ဒါပေမဲ့ Compression car တွေက အဲ့လိုပုံစံမျိုး မဟုတ်ဘူး။ ပိုက်ဆံ ၁၀ သိန်းလောက် ထပ်ထည့်လိုက်ရင် အင်ဂျင်က အသစ်အတိုင်း ပြန်ဖြစ်သွားတာ။ EV ကားတွေကတော့ ဘက်ထရီက သူ့ရဲ့အသက်လို ဖြစ်နေတာ။ အဲဒီဘက်ထရီက အကြိမ်အရေအတွက်နဲ့။ ဥပမာ အကြိမ် ၁,၀၀၀ ပေးထားတယ် ဆိုပါတော့။ အဲဒီမှာ ကျနော်တို့က အကြိမ် ၅၀၀ လောက် သုံးထားပြီးပြီဆိုရင် ပြန်ရောင်းတဲ့အခါ ၅၀၀ ဖိုးပဲရမှာ။ တကယ်လို့ ဘက်ထရီကို အသစ်တလုံးနဲ့ ပြန်လဲမယ်ဆိုရင်လည်း အဲဒီကားရဲ့ တန်ဖိုး သုံးပုံနှစ်ပုံလောက် ကုန်ကျစရိတ်ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီ ၂၄ ဆိုင်မှာ လျှပ်စစ်ကားတွေ အားသွင်းနိုင်ဖို့အတွက် EV Charging Point တွေ ထားရှိသွားမယ့်အပြင် နေပြည်တော်မှာ ၄ နေရာနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာလည်း ၅ နေရာလောက် Charging Point တွေကို တပ်ဆင်သွားဖို့ စီစဉ်ထားပြီး ဘက်ထရီ အားသွင်းခကိုတော့ ကားပိုင်ရှင်က ကျခံရမှာဖြစ်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ပြည်တွင်းမှာ လျှပ်စစ်မီးက အလုံအလောက် မရရှိတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီက လျှပ်စစ်မီးကို အချိန်နဲ့သတ်မှတ်ပြီး အပိုင်းလိုက် ပေးနေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013