DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပွား
DVB
·
March 24, 2023
အင်းစိန်ထောင်တွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပွား
1 / 2
Donate to DVB

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှာ မတ်လ ၂၄ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ထောင်ထဲက မျှော်စင်တွေကနေ အပြင်ဘက် ပေါက်ကွဲမှုဖြစ်တဲ့ နေရာတွေကို မှန်းပြီးပစ်ခတ်ခဲ့တယ်လို့ အင်းစိန်အကျဉ်းထောင်အနီးနေသူတယောက်ထံက သိရပါတယ်။

ထောင်ဝန်ထမ်းမိသားစုဝင်တယောက်ကလည်း “နေ့လယ် ၁၁ နာရီလောက်မှာ ဖြစ်တာ၊ ပေါက်တောဝ အေးစေတီဘက် ဝန်ထမ်းလိုင်းခန်း နောက်ပေါက်ဘက်မှာ ဗုံးကွဲတာပါ။ တချို့ကလည်း အပြင်ကနေ ဗုံးနဲ့လှမ်းပစ်တယ်လို့လည်း ပြောကြတယ်။ ကွဲတာတော့ အသေအချာပဲ၊ အသံအကျယ်ကြီးကို ကြားလိုက်ရတာ။ အဲ့ဒါဖြစ်ပြီးပြီးချင်း အထဲကနေ မျှော်စင်တွေက ပြန်ပစ်ကြတာ၊ ရမ်းသန်းပစ်တာပေါ့” လို့ ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေမှာ လူတွေထိခိုက် သေဆုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။ 

ဒီနေ့ ဗုံးကွဲမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို ဒေသခံ UG အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း အင်းစိန်ထောင် ဘူးဝရှေ့ ထောင်ဝင်စာပါဆယ် လက်ခံတဲ့နေရာမှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီဝန်ထမ်းတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တချို့ အပါအဝင် လူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက် ဒီနေ့အထိ ဘယ်သူ့လက်ချက်ဆိုတာကို မဖော်ထုတ်နိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်ပြီး ရန်ကုန်အခြေပြု စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ (AJMM)နဲ့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) အဖွဲ့တွေက အများပြည်သူ သွားလာနေတဲ့ နေရာတွေဟာ စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်သင့်ကြောင်း၊ အများပြည်သူဆိုင်ရာ နေရာတွေကို တိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013