DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား-ဆော့လော်လမ်းရှိ စစ်တပ်ဂိတ်များက အဓမ္မ ငွေကြေး‌ကောက်ခံနေ
DVB
·
March 24, 2023
မြစ်ကြီးနား-ဆော့လော်လမ်းရှိ စစ်တပ်ဂိတ်များက အဓမ္မ ငွေကြေး‌ကောက်ခံနေ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားကနေ ဆော့လော်မြို့ကိုသွားရာ လမ်းတလျှောက်ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားပြီး တရားမဝင် အခွန်ကောက်ခံနေပါတယ်။

ဆော့လော်မြို့ကိုသွားရာလမ်းတလျှောက်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်ထိုင်ရာဂိတ်တွေ အရင်ထက် ပိုမိုများပြားလာပြီး ငွေကြေးကောက်ခံနေတဲ့အတွက် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မော်တော်ယာဉ်မောင်းနှင်သူတဦးက“စစ်ဆေးရေးဂိတ်တိုင်းမှာ ပေးရတယ်။ ပြည်သူ့စစ်ဂိတ်၊ နယ်ခြားစောင့်ဂိတ်၊ စစ်တပ်ဂိတ် ရောက်ရင် ပေးရတော့တာပဲ။ ဆီတပုံးပါရင် ၅,၀၀၀ ပေးရတယ်။ ဆန်တအိတ် ၃,၀၀၀ ပေးရတယ်။ အရင်ကလို လက်ဖက်ရည်ဖိုးဆိုပြီး ပေးလို့မရတော့ဘူး။ ကုန်ပစ္စည်း ဘာပါလဲဆိုတာ ကြည့်ပြီးပေးရတာ။ အဲ့လိုတွေပေးနေရတော့ ကုန်စည်တွေလည်း ဈေးတွေ တအားမြင့်တက်သွားတယ်။ ဆော့လော်မြို့ကသူတွေလည်း ဈေးနှုန်းကြီးမြင့်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ကနေ ဆော့လော်မြို့ကို ကုန်ပစ္စည်းတင်ပို့ရာမှာ စစ်ဆေးရေးဂိတ် ၂၀ ခန့်ကို ဂိတ်ကြေးပေးဆောင်ပြီး ဖြတ်သန်းနေရတဲ့အတွက် ဆော့လော်မြို့နယ်မှာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်းတွေ အဆမတန် ဈေးနှုန်းမြင့်မားနေပါတယ်။

ဆော့လော်ဒေသခံတဦးက “ဆော့လော်လမ်းမှာတင် ဂိတ်က ၂၀ ကျော်လောက်ရှိတယ်။ ဂိတ်တိုင်း ဂိတ်ကြေးပေးနေရတော့ ပစ္စည်းတွေက ဆော့လော်မှာ မတန်တဆဈေးတွေ ဖြစ်သွားရော။ ဓာတ်ဆီတဘူး ၈,၅၀၀/၉,၀၀၀၊ ငွေတိုးဆန်တအိတ် တသိန်းကျော်နဲ့ ကြက်ဥတဖာ ၁ သိန်း ၂ သောင်း၊ ၁ သိန်း ၃ သောင်းလောက် ဖြစ်နေပြီ” လို့ ပြောပါတယ်။

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းဒေသမှာရှိတဲ့ ဆော့လော်မြို့နယ်က ဒေသခံတွေဟာ အရင် ကိုဗစ်-၁၉ ရောဂါမဖြစ်ခင်ကာလက တရုတ်နိုင်ငံက ကုန်စည်နဲ့ စားသောက်ကုန်တွေ ဝယ်ယူသုံးစွဲခဲ့ကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့ကတဆင့် ကုန်ပစ္စည်းတွေ မှာယူသုံးစွဲရပါတယ်။

မြစ်ကြီးနားမြို့ကနေ ဆော့လော်မြို့သွားရာ လမ်းတလျှောက် ဗလမင်းထင်တံတား စုပေါင်းဂိတ်၊ ဝါရှောင်ဂိတ်၊ မန်ဝိန်းဂိတ်၊ မန်ဒေါင်ဂိတ်၊ ရှငေါ်ဂိတ်၊ ၅၉ မိုင်ဂိတ်၊ ရှမ်းကျော်ဂိတ်၊ ၄ မိုင်ဂိတ်၊ စုစည်း စစ်ကောင်စီဂိတ်၊ မက်လင်ကော်ဂိတ်၊ မလုံတုံဂိတ်နဲ့ တခြား အမည်မသိ စစ်ကောင်စီဂိတ် စုစုပေါင်း ၂၀ ကျော်ကို ဖြတ်သန်းသွားလာခွင့် ဂိတ်ကြေး ပေးဆောင်ကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013