DVB Logo
Home
မြန်မာသတင်း
ရေစကြိုနှင့် ပေါက်မြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
March 24, 2023
ရေစကြိုနှင့် ပေါက်မြို့တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ်လ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် တောင်အိုကျေးရွာဘက်ကနေ အင်အား ၃၀ လောက်နဲ့ သမန္တပို့ကျေးရွာကို ဝင်ရောက်မွှေနှောက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက ရှေ့ပြေးကင်း ၅ ယောက်ကို မနေ့ မတ်လ ၂၃ ရက် မနက် ၁၀ နာရီခွဲလောက်မှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက်လုံးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ နာရီဝက်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ညောင်စောင်ကျေးရွာ ဘုန်းကြီးကျောင်းထဲကို ခေါ်ဆောင်သွားပြီး ဆေးဝါးကုသနေချိန်မှာလည်း ဒရုန်းတပ်သားတွေက အီနာဂါဗုံးသီး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ မတ်လ ၂၂ ရက် မွန်းလွဲပိုင်းနဲ့ ညပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပကဖကနေ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့မှာလည်း မတ်လ ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိကာ သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

ပေါက်မြို့အဝင် အိမ်တွင်းမှု လက်မှုအတတ်သင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ စစ်ဆေးရေးဂိတ်ကို မနေ့ မတ်လ ၂၂ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် တားဆီးစစ်ဆေးတာတွေ ပြုလုပ်ပြီး အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးကာ ငွေညှစ်တာတွေ ပြုလုပ်နေလို့ တိုက်ခိုက်ခဲ့ကြတာလို့ ဗိုလ်လက်ယာက ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁၊ ပေါက်ကာကွယ်ရေး ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013